တာချီလိတ်၌ဆိုင်ကယ်လုယက်သူအား ဖမ်းဆီးရာမှ ရွှေဆိုင်အား သေနတ်ဖြင့် ပစ်ခတ်လုယက်မှုပေါ်ပေါက်


တာချီလိတ် သြဂုတ် ၃ဝ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက် ဗယ်လင်တိုင်း ဟိုတယ် အနီး ဆိုင်ကယ်တက္ကစီသမား၏ လည်ပင်းအား သေနတ်ဖြင့် ပစ်ခတ်ပြီး ဆိုင်ကယ်လုယက်သွားသူကိုသြဂုတ် ၂၉ ရက် ညနေ ၆ နာရီကမိုင်းပျဉ်းမြို့နယ်၊ တာကော် (၂) မိုင်ရွာ၌ ဖမ်းဆီးရမှ ရွှေဆိုင်အား သေနတ်ဖြင့် ပစ်ခတ် လုယက်မှု ထပ်မံပေါ် ပေါက်ခဲ့သည်။

ဖြစ်စဉ်မှာ တာချီလိတ်မြို့၌ ဆိုင်ကယ်လုယက်မှုနှင့် ဒိုင်းမွန်းရွှေဆိုင် လုယက်မှုတရားခံအား ဖမ်းဆီးရမိရေး အတွက် ရှမ်းပြည်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ဇော်ခင်အောင်၊ ရဲမှူးကြီး မင်းအောင်၊ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ပေါ်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းနုတို့၏ အနီးကပ်ကြီးကြပ်မှုဖြင့် အမှုစစ်အရာရှိ မြို့မစခန်း ဒုရဲမှူး မျိုးခိုင်၊ နယ်ထိန်းခေါင်းဆောင် ရဲအုပ်အေးလွင်နှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များသည် တာချီလိတ် မြို့ပေါ်အတွင်း လိုက်လံသတင်းစုံစမ်း ဆောင်ရွက်နေစဉ် သြဂုတ် ၂၉ ရက်ညနေ ၅ နာရီခန့်တွင် ဆန်ဆိုင်း(ခ)ရပ်ကွက်၊ အားကစားရုံအနီး နိုင်နိုင်မင်း(အမျိုးသား) ဆိုင်ကယ်ဝယ်ရောင်းဆိုင်တွင် ဆန်ဆိုင်း(က)ရပ်ကွက်၊ ဗယ်လင်တိုင်းဟိုတယ်အနီး ဆိုင်ကယ်တက္ကစီသမား၏ လည်ပင်းအား သေနတ်ဖြင့် ပစ်ခတ်ပြီး လုယက်သွားသည့် ဆိုင်ကယ်အား စတင်တွေ့ရှိရာမှ အဆိုပါဆိုင်ကယ်ကို လွန်ခဲ့သည့် ၁၂ ရက်ခန့်က မိုင်းပျဉ်းမြို့နယ်၊ တာကော်(၂)မိုင်နေ စိုင်းလှဝင်းဆိုသူမှ လာရောက်ရောင်းချသဖြင့် ထိုင်းဘတ်ငွေ ၁၁ဝဝဝဖြင့် ဝယ်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် ချက်အရ ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ တရားခံဖမ်းဆီး ရမိရေးအတွက် မိုင်းပျဉ်းမြို့နယ်၊ တာကော်(၂)မိုင်သို့သွားရောက်ခဲ့ပြီး စိုင်းလှဝင်းကို သြဂုတ် ၂၉ ရက်ညနေ ၆ နာရီတွင် ဖမ်းဆီးရမိခဲ့သည်။

ထို့နောက် ရဲအုပ်အေးလွင် ဦးစီး ပူးပေါင်းအဖွဲ့၏ စစ်ဆေးပေါ်ပေါက်ချက်အရဆိုင်ကယ်တက္ကစီသမားရဲ့ လည်ပင်းကို သေနတ်နဲ့ပစ်ပြီး လုယက်သွားမှုနှင့် ဒိုင်းမွန်းရွှေဆိုင်လုယက်မှု ကျူးလွန်သူဖြစ်ကြောင်း၊ အဆိုပါပြစ်မှုကျူးလွန်စဉ် တရားခံ ဝတ်ဆင်သည့် အဝတ်အစားများနှင့်အခင်းဖြစ်စဉ် အသုံးပြုသည့် ပွိုင့် ၂၂ သေနတ်နှင့် ၄င်းကျည် ၁၃ တောင့်တို့အား သိမ်းဆည်းရမိခဲ့သည်။

အမှုမှ တာချီလိတ်မြို့မရဲစခန်း၏ (ပ)၂၆၆/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ ဆိုင်ကယ်လုယက်မှုနှင့် (ပ)၂၇၃/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄/၄၂၇ ဒိုင်းမွန်းရွှေဆိုင်လုယက်မှုတရားခံ စိုင်းလှဝင် (၂၂ နှစ်)၊ မိုင်းပျဉ်းမြို့နယ်၊ တာကော်(၂)မိုင်နေသူအား တရားစွဲတင်ပို့နိုင်ရေးအတွက် အမှုစစ်အရာရှိ မြို့မရဲစခန်းမှူး ဒုရဲမှူး မျိုးခိုင်နှင့် အဖွဲ့မှ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြင့်မိုရ်(တာချီလိတ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
တာချီလိတ်၌ဆိုင်ကယ်လုယက်သူအား ဖမ်းဆီးရာမှ ရွှေဆိုင်အား သေနတ်ဖြင့် ပစ်ခတ်လုယက်မှုပေါ်ပေါက် တာချီလိတ်၌ဆိုင်ကယ်လုယက်သူအား ဖမ်းဆီးရာမှ ရွှေဆိုင်အား သေနတ်ဖြင့် ပစ်ခတ်လုယက်မှုပေါ်ပေါက် Reviewed by THITHTOOLWIN on 09:33 Rating: 5
Powered by Blogger.