ဂူတွင်းပိတ်မိ ထိုင်းလူငယ် ရှစ်ဦးမြောက် ကယ်တင်


ထိုင်းနိုင်ငံမြောက်ပိုင်းက ကျောက်ဂူထဲမှာပိတ်မိနေတဲ့ ကျောင်းသားလူငယ်တွေထဲက ရှစ်ဦးမြောက်ကို မကြာခင် အချိန်ပိုင်းကပဲ ကယ်ထုတ်နိုင်ခဲ့ပါပြီ။ ဒါကြောင့် ဂူပြင်ကို ကယ်ထုတ်ရေးစတင်တဲ့ ဒုတိယနေ့မှာပဲ နောက်ထပ် လေးဦး ဂူပြင်ကို ကယ်ထုတ်လိုက်နိုင်တာပါ။ မနေ့က လေးဦးကို ကယ်ထုတ်ပြီး ဒီကနေ့ လေးဦး ထပ်မံ ကယ်ထုတ်နိုင်ခဲ့တဲ့နောက် ဒီကနေ့ ကယ်ထုတ်ရေးလုပ်ငန်းတွေကိုတော့ ယာယီရပ်နားလိုက်ပြီလို့ သိရပါတယ်။ မနက်ဖြန်မှာတော့ ကျန်နေသေးတဲ့ လူငယ်တွေကို ကယ်ထုတ်ရေးလုပ်ငန်း ပြန်စမှာပါ။

တနင်္ဂနွေနေ့က ကယ်ထုတ်နိုင်ခဲ့တဲ့ ကလေးတွေဟာ ကျန်းမာရေး ကောင်းမွန်လျှက် ရှိကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ တနင်္ဂနွေနေ့က ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ပါဝင်ခဲ့ကြတဲ့ ရေငုပ်သမားတွေဟာ ဂူတွင်းအခြေအနေတွေနဲ့ အကျွမ်းတ၀င်ဖြစ်လာပြီမို့ ဒီကနေ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ မှာလည်း သူတို့ပဲ ဆက်ပြီး လုပ်သွားမှာဖြစ်တဲ့အကြောင်း ပြည်ထဲရေးဝန်ကြီး Anupong Paojina က ဒီကနေ့ အစောပိုင်းက ပြောပါတယ်။

သူတို့အားလုံးဟာ လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်ကျော်က ကျောက်ဂူရှိရာကို သွားလည်တဲ့အချိန်၊ ရေကြီးတာနဲ့ကြုံရပြီး အထဲမှာပိတ်မိနေခဲ့တာပါ။ တနင်္ဂနွေနေ့က ပထမဆုံး လူငယ်တယောက်ကို ဂူထဲကနေ ကယ်ထုတ်နိုင်ပြီလို့ ချင်းရိုင်ခရိုင် ယာယီအုပ်ချုပ်ရေးမှူးက ကြေညာလိုက်ချိန်မှာ လူတွေအားလုံး ၀မ်းသာအားရ အော်ဟစ် ကြိုဆိုခဲ့ကြပါတယ်။ ကယ်ထုတ်ပြီး လူငယ်တွေကို ချင်းရိုင်ဆေးရုံကို ရဟက်ယာဉ်နဲ့ ခေါ်ဆောင် သွားခဲ့ပြီး သူတို့ရဲ့ကျန်းမာရေး အခြေအနေ ကောင်းမွန်ကြောင်းလည်း ပြောပါတယ်။ ဘယ် ကလေးငယ်တွေကို ကယ်တင်ပြီးပြီလဲဆိုတဲ့ နာမည်စာရင်းတွေကိုတော့ အာဏာပိုင်တွေက သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
ဂူတွင်းပိတ်မိ ထိုင်းလူငယ် ရှစ်ဦးမြောက် ကယ်တင် ဂူတွင်းပိတ်မိ ထိုင်းလူငယ် ရှစ်ဦးမြောက် ကယ်တင် Reviewed by THITHTOOLWIN on 21:21 Rating: 5
Powered by Blogger.