ရေသန့်မရလို့ ၅ နှစ်အောက် ကလေး ၃ ထောင်ကျော် နှစ်စဉ် သေဆုံးရ


မြန်မာနိုင်ငံထဲမှာ မသန့်ရှင်းတဲ့ရေ၊ မလုံလောက်တဲ့အိမ်သာ၊ ကျန်းမာရေးနဲ့မညီညွတ်တဲ့ မိလ္လာစံနစ်တွေနဲ့ ဆက်စပ်ကူးစက်တဲ့ရောဂါတွေကြောင့် နှစ်စဉ် အသက် ၅ နှစ်အောက်ကလေး ၃ ထောင်ကျော် သေဆုံးရတယ်လို့ ဒီကနေ့ ထုတ်ပြန်တဲ့ ဗြိတိန်အခြေစိုက် WaterAid အဖွဲ့ကြီးရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

နိုင်ငံတွင်းက လူ ၁၀ သန်းဝန်းကျင်ဟာ ရေကောင်းရေသန့်ကိုမသုံးစွဲရဘဲ လူ ၁၁ သန်းဟာ အိမ်သာရယ်လို့ တိတိကျကျမရှိဘဲ အဆင်ပြေသလို အညစ်အကြေး စွန့်နေရတယ်လို့ဖော်ပြထားပြီး အဲဒါဟာ လူ ၅ ယောက်တိုင်းမှာ တယောက်ဟာ ရေကောင်းရေသန့်မသောက်ရမသုံးရ၊ အိမ်သာမရှိဘူးလို့ ညွှန်းဆိုပါတယ်။

မြို့ကြီးတွေမှာ လူ ၅ ယောက်မှာ ၄ ယောက်က ရေကောင်းရေသန့်သုံးနိုင်ပြီး ၄ ယောက်မှာ ၃ ယောက်က အိမ်သာကောင်းကောင်းသုံးနိုင်ပေမယ့် လူအများစုနေထိုင်တဲ့ ကျေးလက်တောရွာတွေ မှာတော့ ပြည်သူလူထုရဲ့ရေကောင်းရေသန့်နဲ့ အိမ်သာသုံးနိုင်မှုအချိုးအစားဟာ တခြားသောအာရှတိုင်းပြည်တွေနဲ့ယှဉ်လိုက်ရင် အဆိုးဝါး အနိမ့်ကျဆုံးဖြစ်နေပါတယ်လို့လည်း အစီရင်ခံစာမှာဖော်ပြထားပါတယ်။

ပြည်သူပြည်သားတွေ အခုလိုအရေးကြီးတဲ့လိုအပ်ချက်တွေမရရှိတာဟာ ရေရှည်တည်တန့်ခိုင်မြဲမယ့် အခြေခံအဆောက်အအုံတွေနဲ့ အရင်းအမြစ်တွေမရှိတာကြောင့်ဖြစ်တယ်လို့လည်းဆိုပါတယ်။ အဲဒီ ရေကောင်းရေသန့်ရရေးနဲ့ စံနစ်ကျတဲ့အိမ်သာစံနစ် တည်ဆောက်ရေးတွေအတွက် ရင်းနှီးမြုပ်နှံခြင်းအားဖြင့် မြန်မာအစိုးရကို ကူညီသွားမယ်လို့  WaterAid အဖွဲ့ကြီးရဲ့ အင်တာနက်ဝက်ဘ်ဆိုဒ်မှာဖော်ပြ ထားပါတယ်။

တကမ္ဘာလုံးမှာတော့ လူပေါင်း ၈၄၄ သန်းဟာ ရေကြည်ရေသန့်မသုံးကြရဘဲ လူပေါင်း ၂.၃ ဘီလီယံ ကတော့ မိလ္လာစံနစ်မရှိဘဲ နေနေရတယ်လို့ ဆိုပါတယ်။ ရေကောင်းရောသန့်၊ ကျန်းမာရေးနဲ့ညီညွတ် တဲ့မိလ္လာစံနစ်နဲ့ တကိုယ်ရေသန့်ရှင်းရေးမရှိဘဲနဲ့ ဆင်းရဲမွဲတေမှုကိုတိုက်ဖျက်ဖို့၊ ကျားမ အခွင့်အရေး ညီမျှဖို့၊ ပညာရေး၊ ကျန်းမာရေး၊ အဟာရချို့တဲ့မှုနဲ့ မညီမျှမှုတွေလျော့ချရေးလုပ်ငန်းစဉ်တွေဟာ အောင်မြင်နိုင်မှာမဟုတ်ဘူးလို့ WaterAid အဖွဲ့ကြီးရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

RFA Burmese
https://www.rfa.org/burmese
ရေသန့်မရလို့ ၅ နှစ်အောက် ကလေး ၃ ထောင်ကျော် နှစ်စဉ် သေဆုံးရ ရေသန့်မရလို့ ၅ နှစ်အောက် ကလေး ၃ ထောင်ကျော် နှစ်စဉ် သေဆုံးရ Reviewed by THITHTOOLWIN on 22:10 Rating: 5
Powered by Blogger.