တရားမဝင်ရွှေလုပ်ကွက် ဖမ်းဆီးရေး သတင်းပေါက်ကြားမှုများလို့ တိုင်းဝန်ကြီး(၅)ဦး ဦးစီးဆောင်ရွက်မည်


စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက တရားမဝင်ရွှေလုပ်ကွက်တွေကို ထိထိရောက်ရောက်အရေးယူဆောင်ရွက်နိုင်ဖို့ အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီး(၅)ဦးက ဦးစီးဆောင်ရွက် သွားမယ်လို့ သိရပါတယ်။

 နိုင်ငံတော်သမ္မတရဲ့ လမ်းညွှန်မှုနဲ့ အခုလိုစီမံချက်ဆွဲဆောင်ရွက်ခဲ့တာဖြစ်ပြီး ဟုမ္မလင်းနယ်အတွက် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးဒေါ်နန်းမွှေးမွှေးခင်၊ ခန္တီးနယ်အတွက် စိုက်ပျိုးရေး ၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံ၊ ကသာနယ်အတွက် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်၊ မော်လိုက်ခရိုင်အတွက် ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလာလ်ထောင်ထန်းနဲ့ ကန့်ဘလူခရိုင်အတွက် စည်ပင်သာယာရေးဝန်ကြိီး ဦးမြင့်ကြည့် တို့ကို ဦးဆောင်ကြပ်မတ်ဖို့ တာဝန်ပေးထား တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ကာလတွေမှာ တရားမဝင်ရွှေလုပ်ကွက်တွေ တွေ့တဲ့အခါ ဖမ်းနိုင်သလောက်ဖမ်းပြီး ထိန်းချုပ်နိုင်သလောက် ထိန်းချုပ်ခဲ့ပေမယ့် ဝန်ကြီးတွေဦးဆောင်ကြပ်မတ်ဆောင်ရွက်တဲ့ အချိန်မှာတော့ ဘယ်အတိုင်းအတာအထိဖြစ်မယ်ဆိုတာကို တိတိကျကျပြောလို့ မရသေးဘူးလို့ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံ ကပြောပါတယ်။
တရားမဝင်ရွှေလုပ်ကွက်တွေနဲ့ပတ်သက်ပြီး ဖမ်းဆီးအရေးယူဖို့အတွက် ကွင်းဆင်းစစ်ဆေးရာမှာ သတင်းလုံခြုံရေးမရှိတဲ့အတွက် တရားမဝင်တူးဖော်သူတွေကိုမတွေ့ရဘဲ ရွှေတူးဖော်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေကိုသာ ပိုင်ရှင်မဲ့အနေနဲ့ သိမ်းဆည်းနိုင်ခဲ့တာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။ တရားမဝင်ရွှေလုပ်ကွက်တွေကို အရေးယူဆောင်ရွက်ရာမှာ ပိုင်ရှင်မဲ့ဖြစ်နေတာနဲ့ တင် ကျေနပ်မနေဘဲ လူတွေကိုပါ မိအောင်ဖမ်းဆီးရမှာဖြစ်ပြီး တရားဥပဒေနဲ့လည်း
ထိရောက်တဲ့ ပြစ်ဒဏ်ချမှတ်ဆောင်ရွက်ရမယ်လို့ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နန်းမွှေးမွှေးခင်က ပြော ကြားခဲ့ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက တရားမဝင်ရွှေတူးဖော်တာတွေကို ထိန်းချုပ်နိုင်ဖို့်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးတွေကို တာဝန်ခွဲဝေပေးပြီး ဆောင်ရွက်နေသလို ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ လမ်းညွှန်မှုနဲ့တစ်နိုင်တစ်ပိုင် လက်လုပ်လက်စား ရွှေလုပ်ကွက်တွေ တရားဝင်ချထားပေးဖို့လည်း စီစဉ်နေတယ်လို့သိရပါတယ်။ လက်လုပ်လက်စား ရွှေလုပ်ကွက် လုပ်ကိုင်နိုင်ဖို့်အတွက် လျှောက်လွှာတင်သွင်းရမယ့် နေ့ရက်နဲ့ စည်းမျဉ်းစည်းကမ်းတွေကိုတော့ သတင်းစာတွေကတစ်ဆင့် ထည့်သွင်းကြေညာပေး သွားမယ်လို့သိရပါတယ်။

သတင်း - အောင်ကျော်ညွန့်
One News Myanmar
https://www.facebook.com/onenewsmyan
တရားမဝင်ရွှေလုပ်ကွက် ဖမ်းဆီးရေး သတင်းပေါက်ကြားမှုများလို့ တိုင်းဝန်ကြီး(၅)ဦး ဦးစီးဆောင်ရွက်မည် တရားမဝင်ရွှေလုပ်ကွက် ဖမ်းဆီးရေး သတင်းပေါက်ကြားမှုများလို့ တိုင်းဝန်ကြီး(၅)ဦး ဦးစီးဆောင်ရွက်မည် Reviewed by THITHTOOLWIN on 20:39 Rating: 5
Powered by Blogger.