ရေယာဉ်တိမ်းမှောက်မှု ထိုင်းအစိုးရ စုံစမ်းစစ်ဆေး

( ဖူးခက်မှာ ကမ္ဘာလှည့်ခရီးသည်တွေ စီးလာတဲ့ရေယာဉ်နစ်မြှုပ်ခဲ့တာကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်နေတာကို ၂၀၁၈ ဇူလိုင်လ ၆ ရက်နေ့ကတွေ့ရစဉ် ) Photo: Sakorn PETCHTHONG / AFP
ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်အပန်းဖြေကျွန်းနားမှာ မုန်တိုင်းမိတဲ့အတွက် ကမ္ဘာလှည့်ခရီးသွားတွေ လိုက်ပါစီးနင်းလာတဲ့ရေယာဉ်တိမ်းမှောက်လို့ လူ ၄၂ ယောက်သေဆုံးပြီး ၁၄ ယောက် ပျောက်ဆုံးမှုမှာ ပါဝင်သွားတဲ့ တရုတ်ခရီးသွားတွေအတွက် တရားသဖြင့်ဖြစ်စေရပါမယ်လို့ ထိုင်းအစိုးရက မနေ့က ကတိပေးလိုက်ပါတယ်။

ရေယာဉ်တိမ်းမှောက်မှုကို အကြီးအကျယ်စုံစမ်းစစ်ဆေးနေပြီး ဘယ်သူ့ကိုမှ မသက်ညှာဘူးလို့ ထိုင်းခရီးသွားလုပ်ငန်းဝန်ကြီးက ပြောပါတယ်။ ဒါဟာ ၂၀၀၄ ဆူနာမီကြောင့် လူထောင်နဲ့ချီ သေဆုံးရပြီးချိန်ကစလို့ ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်ပြီး လူအများဆုံး သေဆုံးမှုတမှုဖြစ်ပါတယ်။

ကြာသပတေးနေ့မှာ Phoenix နှစ်ထပ် ရေယာဉ်ကမ်းက မထွက်ခွာခင် မရိန်းကုန်းတက် တပ်ဖွဲ့တာဝန်ရှိသူတွေက ရေယာဉ်ကို လိုအပ်သလို စစ်ဆေး-မစစ်ဆေး ရဲတပ်ဖွဲ့က စုံစမ်းနေပါတယ်။ အဲဒီနေ့မှာ ရေယာဉ်ငယ်တွေ ပင်လယ်ထဲ မသွားဖို့ မိုးလေ၀ဿဦးစီးဌာနက သတိပေးထားပေမဲ့ Phoenix လို ရေယာဉ်ကြီးတွေကတော့ စစ်ဆေးရေးဝင်ပြီးရင် သွားနိုင်ပါတယ်။

အဲဒီရေယာဉ်မှာ ကမ္ဘာလှည့် ၉၃ ယောက်အပါအဝင် လူ ၁၀၅ ယောက်လိုက်ပါလာပြီး ၁၆ ပေမြင့်တဲ့လှိုင်းလုံး အရိုက်ခံရပြီးတဲ့နောက် တိမ်းမှောက်သွားတာပါ။ အဲဒီနေ့ကပဲ နောက်ရေယာဉ်တစင်းလည်း တိမ်းမှောက်ခဲ့ပေမဲ့ ခရီးသည်တွေကို ကယ်တင်နိုင်ပါတယ်။ ဒီ ရေယာဉ်နှစ်စင်းစလုံးက မာလိန်မှူးတွေကို ရေယာဉ်တိမ်းမှောက်မှုအတွက် စွဲချက်တင်ထားပါတယ်။

နောင်ဒီလို ဖြစ်ရပ်မျိုး မပေါ်ပေါက်စေဖို့ လုံခြုံရေးစည်းမျဉ်းစည်းကမ်းတွေ တင်းကျပ်မှာဖြစ်ပြီး ထိုင်းခရီးသွားလုပ်ငန်းကဏ္ဍပေါ် ယုံကြည်စိတ်ချမှုပြန်တည်ဆောက်ဖို့ ကြိုးစားမယ်လို့လည်း ခရီးသွားဝန်ကြီးက ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ရေယာဉ်တိမ်းမှောက်မှု ထိုင်းအစိုးရ စုံစမ်းစစ်ဆေး ရေယာဉ်တိမ်းမှောက်မှု ထိုင်းအစိုးရ စုံစမ်းစစ်ဆေး Reviewed by THITHTOOLWIN on 13:26 Rating: 5
Powered by Blogger.