အဂတိကင်းစွာ အလုပ်လုပ်ဖို့ သမ္မတ ပြော

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ကို တွေ့ရစဉ်/ Photo: Myanmar President Office - facebook
အဂတိလိုက်စားမှုတွေကို ဘက်လိုက်မှုမရှိဘဲ အရေးယူဆောင်ရွက်မှာဖြစ်တဲ့အတွက် အဂတိကင်းစွာ အလုပ်လုပ်ကြ ဖို့ နိုင်ငံတော် သမ္မတက ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကို တိုက်တွန်းလိုက်ပါတယ်။

ဒီနေ့ တောင်ကြီးမြို့က ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးမှာ တွေ့ဆုံစဉ် ပြောတာဖြစ်တယ်လို့ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင် က ပြောပါတယ်။

"အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီးတော့ လက်ရှိအစိုးရက သူ့လူ၊ ကိုယ့်လူ မခွဲခြားဘူးဆိုတဲ့အကြောင်း၊ ဘက်လိုက်တဲ့အလုပ်မျိုးလည်း ဘယ်တော့မှ မလုပ်ဘူးဆိုတဲ့အကြောင်း နဲ့ အဂတိကင်းရှင်းစွာ အလုပ်လုပ်ဖို့၊ သူပြောလိုက်တဲ့ Message တစ်ခုကတော့ဗျာ၊ တစ်နပ်စာ မက်မိခဲ့ရင်တော့ တစ်သက်စာ ခံစားသွားရမယ် ဆိုပြီး သမ္မတကြီး က ပြောပါတယ်၊ အဂတိ လျော့ကျစေရေးအတွက် ပြည်နယ်နဲ့ တိုင်းတွေမှာ CPU ခေါ်တာပေါ့၊ Corruption Prevention Unit အဖွဲ့တွေ ဖွဲ့ပြီးတော့ ဆောင်ရွက်သွားမယ်ဆိုတဲ့အကြောင်းလည်း သမ္မတကြီး က ပြောပါတယ်"

ဒါ့အပြင် သိမ်းဆည်းလယ်ယာမြေတွေ တောင်သူတွေလက်ထဲ အမြန်ဆုံးပြန်ရောက်ဖို့၊ မူးယစ်ဆေးဝါးပြဿနာကို ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ဖို့၊ စီမံကိန်းတွေ အကောင်အထည်ဖော်တဲ့အခါ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိစေဖို့ ညွှန်ကြားခဲ့တယ်လို့လည်း သိရပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး မဏ္ဍိုင်တွေရဲ့ လုပ်ကိုင် ဆောင်ရွက် နေမှုတွေမှာ မှန်မှန်ကန်ကန်နဲ့ မြန်မြန်ဆန်ဆန်ဖြစ်ဖို့ သမ္မတကိုယ်တိုင် လိုက်လံစစ်ဆေးကြီးကြပ်တဲ့ သဘော ဖြစ်တယ်လို့ ၀န်ကြီး ဦးစိုးညွန့်လွင် က ပြောပါတယ်။

ဒီခရီးစဉ်ဟာ ဦးဝင်းမြင့် သမ္မတ တာဝန်ယူပြီး နောက်ပိုင်း ရှမ်းပြည်နယ်ကို ပထမဆုံးအနေနဲ့ လာရောက်တာ ဖြစ်ပါတယ်။ တခြား တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကိုလည်း သွားရောက်နိုင်ခြေရှိတယ်လို့လည်း ဆိုပါတယ်။

ဒီနေ့ တွေ့ဆုံပွဲကို လူဦးရေ ၅၀၀ လောက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

RFA Burmese
https://www.rfa.org/burmese
အဂတိကင်းစွာ အလုပ်လုပ်ဖို့ သမ္မတ ပြော အဂတိကင်းစွာ အလုပ်လုပ်ဖို့ သမ္မတ ပြော Reviewed by THITHTOOLWIN on 21:54 Rating: 5
Powered by Blogger.