မြစ်ကြီးနား၌ ဒုတိယရဲအုပ်တစ်ဦးအား အဂတိလိုက်စားမှုဖြင့် အရေးယူ


မြစ်ကြီးနား ဇူလိုင် ၁၅

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ဇူလိုင်၁၄ရက်က ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး မှုခင်းအကူဌာနစိတ်မှ ဒုတိယရဲအုပ်တစ်ဦးအား ဖမ်းဆီးရမိစိတ်ကြွ ရူးသွပ်ဆေးပြား ၁၃၃၀၀ အား အပ်နှံမှုမရှိဘဲ ထိန်ချန်ထားခဲ့၍ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၁၂ ရက်က စီတာပူရပ်ကွက် နောင်ရာနယ်မြေ၌ မောင်ဦး(ခ)လွင်ဦးထံမှဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများအား ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊မှုခင်းအကူဌာနစိတ်မှ ဒုတိယရဲအုပ်ဒိုင်ဒေါင်က အားလုံးအပ်နှံခြင်းမရှိဘဲ ထိန်ချန်ထားရှိကြောင်း စစ်ဆေးပေါ်ပေါက်မှုအရ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစိတ်မှ ဒုတိယရဲအုပ်ဒိုင်ဒေါင် နေထိုင်သည့် နေအိမ်အိပ်ခန်းအား ပြည်နယ်ရဲတပ်ဖွဲ့မှူး ဦးဆောင်သည့် ရဲအရာရှိကြီးများက ၀င်ရောက်ရှာဖွေရာ ၎င်းအားအိပ်ခန်းတွင် အသင့်တွေ့ရှိရပြီး အိပ်ခန်းအတွင်းရှိ ကြွပ်ကြွပ်အိတ် အတွင်းမှ 88/1 စာတမ်းပါပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၉၀ ပြားစီပါ ကပ်ခွာအိတ် ၆၀ အိတ်နှင့် GDIအမျိုးအစား YGN-9F/---- နံပတ်ပါ မော်တော်ယာဉ်နောက်ခန်းမှ ၁၉၀ ပြားစီပါ ကပ်ခွာအိတ် ၁၀ အိတ်တို့မှ ကာလတန်ဖိုးငွေ ၃၉၉၀၀၀၀၀ ကျပ်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၃၃၀၀ ပြားအားရှာဖွေ သိမ်းဆည်းရမိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မူးယစ်ဆေးဝါးများ လက်ဝယ်ထားရှိသူ မောင်ဦး(ခ) လွင်ဦးနှင့် မူးယစ်ဆေးဝါးများ ထိန်ချန်သိမ်းဆည်းထားသူ ဒုတိယရဲအုပ် ဒိုင်ဒေါင်တို့နှစ်ဦးအား မြစ်ကြီးနားမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါပုဒ်မဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဝင်းနိုင် ကချင်မြေ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မြစ်ကြီးနား၌ ဒုတိယရဲအုပ်တစ်ဦးအား အဂတိလိုက်စားမှုဖြင့် အရေးယူ မြစ်ကြီးနား၌ ဒုတိယရဲအုပ်တစ်ဦးအား အဂတိလိုက်စားမှုဖြင့် အရေးယူ Reviewed by THITHTOOLWIN on 21:23 Rating: 5
Powered by Blogger.