ကာကွယ်ရေးဦးစီးချုပ်ရဲ့သားနှင့် ပတ်သက်မှုမရှိကြောင်း My Tel ကုမ္ပဏီပြော

သတင်းစာရှင်းလင်းပွဲမှာ My Tel ရဲ့ ပြင်ပဆက်ဆံရေးအရာရှိချုပ် ဦးဇော်မင်းဦး ကို ၂၀၁၈ ဇွန်လ ၂၂ ရက်နေ့က တွေ့ရစဉ်/ Photo: Aung Thain Kha/RFA
မြန်မာနိုင်ငံဆက်သွယ်ရေး ဈေးကွက်ထဲကို နောက်ဆုံးဝင်ရောက်လာတဲ့ My Tel ကုမ္ပဏီဟာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ သားဖြစ်သူနဲ့ သက်ဆိုင်မှုမရှိကြောင်း My Tel ကုမ္ပဏီက ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး ငြင်းဆိုလိုက်ပါတယ်။

My Tel ကုမ္ပဏီဟာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့သားဖြစ်သူ ဦးအောင်ပြည့်စုံနဲ့ သက်ဆိုင်တဲ့ ကုမ္ပဏီဆိုပြီး အင်တာနက် လူမှုကွန်ရက်မှာ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။
My Tel ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံထားတဲ့ထဲမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သားဖြစ်သူရဲ့ ရင်းနှီးမြှုပ်ပါဝင်မှုရှိမရှိ သတင်းမီဒီယာတွေရဲ့ မေးမြန်းမှုကို My Tel ရဲ့ ပြင်ပဆက်ဆံရေးအရာရှိချုပ် ဦးဇော်မင်းဦး က အခုလိုပြောလိုက်ပါတယ်။

"လုံးဝမရှိပါဘူး ကျနော်တို့ဥစ္စာသည် ကာကွယ်ရေးဝန်ကြီးဌာနကိုယ်စားပြု မြန်မာ့စီးပွားရေးကော် ပိုရေးရှင်းကို သွားတာဖြစ်ပါတယ်"

My Tel ကုမ္ပဏီဟာ ဗီယက်နမ် ကုမ္ပဏီတစ်ခုဖြစ်တဲ့ ဗီယက်တယ်လ်က ၄၉ ရာခိုင်နှုန်း၊ တပ်မတော် ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်က စီးပွားရေး လုပ်ငန်းစုဖြစ်တဲ့ မြန်မာစီးပွားရေး ကော်ပိုရေးရှင်းက ၂၈ ရာခိုင်နှုန်းနဲ့ Myanmar National Telecom Holding Public ကုမ္ပဏီလီမိတက်တို့ ပူးပေါင်းတည်ထောင် ထားတာ ဖြစ်ပါတယ်။

လက်ရှိအချိန်ထိ My Tel ကုမ္ပဏီ အနေနဲ့ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ရှိနေပြီ စုစုပေါင်း ဒေါ်လာ ၂ ဘီလီ ယံကျော်အထိ တိုးမြှင့်ရင်းနှီးမြှုပ်နှံသွားမှာ ဖြစ်ကြောင်း ပြောပါတယ်။

My Tel ကုမ္ပဏီ အနေနဲ့ မြန်မာတစ်နိုင်ငံလုံးမှာ SIM Card အရေအတွက် တစ်သန်းကျော် ရောင်းချထား ပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။

RFA Burmese
https://www.rfa.org/burmese
ကာကွယ်ရေးဦးစီးချုပ်ရဲ့သားနှင့် ပတ်သက်မှုမရှိကြောင်း My Tel ကုမ္ပဏီပြော ကာကွယ်ရေးဦးစီးချုပ်ရဲ့သားနှင့် ပတ်သက်မှုမရှိကြောင်း My Tel ကုမ္ပဏီပြော Reviewed by THITHTOOLWIN on 19:52 Rating: 5
Powered by Blogger.