မြန်မာဘက်မှာနေပြီး ငွေလိမ်နေတဲ့ တရုတ်နိုင်ငံသား ၁၃ ဦးကို တရုတ်ရဲဖမ်းဆီးစစ်ဆေးနေ

တရုတ်-မြန်မာနယ်စပ် ကြယ်ခေါင်မြို့ရှိ တရုတ်စစ်ဆေးရေးဂိတ်။ Photo: RFA
မြန်မာနိုင်ငံမှာအခြေစိုက်ပြီး အီလက်ထရောနစ် ဆက်သွယ်ရေးကိရိယာတွေ အသုံးပြုပြီး ငွေကြေးလိမ်လည်နေတဲ့ တရုတ်နိုင်ငံသား ၁၃ ဦးကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်မြို့တော် ကူမင်းကို မနေ့က ပြန်လည် ဖမ်းဆီးခေါ်ဆောင်လာခဲ့တယ်လို့ တရုတ်ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒီတရုတ်နိုင်ငံသား ၁၃ ဦးဟာ အမေရိကန်ဒေါ်လာ တသိန်းခွဲကျော်နဲ့ညီမျှတဲ့ တရုတ်ယွမ်ငွေ တသန်းနီးပါးတန်ဖိုးရှိတဲ့ ငွေကြေးလိမ်လည်မှု ၃ဝ လောက် ကျူးလွန်ခဲ့တယ်လို့ ကူမင်းရဲတပ်ဖွဲ့က ပြောပါတယ်။

အခုနှစ်အစောပိုင်းက ဒီတရုတ်လိမ်လည်သူတွေပါတဲ့ ဂိုဏ်းဟာ မြန်မာနိုင်ငံဘက်မှာအခြေစိုက်ပြီး လိမ်လည်တာတွေ ဆက်လုပ်နေတဲ့အကြောင်း သတင်းရရှိတဲ့အတွက် ကူမင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးခဲ့ကြောင်း၊ ဇွန်လ ၂ဝ ရက်နေ့မှာ မြန်မာရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီး ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ဒီလို ဖမ်းဆီးရာမှာ လက်ကိုင်တယ်လီဖုန်းအလုံး ၁ဝဝ ကျော်၊ ကွန်ပျူတာ ၁ဝ လုံးနဲ့ တရုတ်ယွမ်ငွေ ၉ သိန်းကျော်ကို နေရာငါးနေရာမှာ ဖမ်းဆီးရမိခဲ့ကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက ရေးသားထားပါတယ်။

ကနဦးစုံစမ်းစစ်ဆေးမှုတွေအရ ဒီလိမ်လည်သူတွေဟာ ချေးငွေလုပ်ငန်းလုပ်ကိုင်တယ်လို့ တရုတ်နိုင်ငံထဲက လူတွေကို ဖုန်းနဲ့စာသားတွေပို့ပြီး အင်တာနက်ဘဏ်ဝက်ဆိုက် အတုတွေကနေ ငွေလိမ်လည်ရယူကြတယ်လို့  သိရပါတယ်။

တရုတ်ရဲတပ်ဖွဲ့အနေနဲ့ အသေးစိတ်ကို ဆက်ပြီးစုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

RFA Burmese
https://www.rfa.org/burmese
မြန်မာဘက်မှာနေပြီး ငွေလိမ်နေတဲ့ တရုတ်နိုင်ငံသား ၁၃ ဦးကို တရုတ်ရဲဖမ်းဆီးစစ်ဆေးနေ မြန်မာဘက်မှာနေပြီး ငွေလိမ်နေတဲ့ တရုတ်နိုင်ငံသား ၁၃ ဦးကို တရုတ်ရဲဖမ်းဆီးစစ်ဆေးနေ Reviewed by THITHTOOLWIN on 21:09 Rating: 5
Powered by Blogger.