ရွှေဆိုင်များမှ ရွှေထည်ပစ္စည်းများကို လိမ်လည်သွားသူအား လိမ်လည်မှုများဖြင့် ထပ်မံအမှုဖွင့်အရေးယူလျက်ရှိ


နေပြည်တော်၊ ဇွန် ၂၀

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရန်ကုန်တွင်ဖြစ်ပွားခဲ့သည့် ရွှေဆိုင်များမှ ရွှေထည်များအား လိမ်လည်ရယူသွားသော အမျိုးသမီးတစ်ဦးကို ဖော်ထုတ်ဖမ်းဆီးရမိကြောင်း သတင်းအား ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့တွင် မှတ်တမ်းဓာတ်ပုံနှင့်တကွ ထုတ်ပြန်ခဲ့သည်။ အဆိုပါသတင်း ပါရွှေများကို လိမ်လည်ခဲ့သည့် သန်လျင်မြို့နယ်နေ မာလာ(ခ)ဇောင်းတလား(၃၀)နှစ်၏ မှတ်တမ်း ဓာတ်ပုံအား တွေ့ရှိရာမှ ၎င်းလိမ်လည်ခဲ့ပြီး အမှုဖွင့်ခြင်းမရှိခဲ့သည့် ရွှေဆိုင်များမှ အသီးသီး လာရောက်အမှုဖွင့်လျက်ရှိကြောင်း သိရှိရသည်။

ဖြစ်စဉ်များမှာ မတ်လ ၂၅ ရက်နေ့တွင် သာကေတမြို့နယ်နေ ဒေါ်ချိုချိုလွင်ဦး(၄၃)နှစ် (ရွှေပီတိရွှေဆိုင်ပိုင်ရှင်)သည် ဆိုင်တွင်ရှိနေစဉ် အမျိုးသမီးတစ်ဦးမှ မယ်လိုဒီစက်ဖြတ်ရွှေဆွဲကြိုး တန်ဖိုးငွေကျပ်(၁,၂၃၈,၀၀၀)အား ဝယ်ယူမည်ဖြစ်ကြောင်း ပြောသဖြင့် ဘောက်ချာဖြတ်ပေးခဲ့ရာ ၎င်းမှ လမ်းထိပ်တွင် ပိုက်ဆံလိုက်ယူရန်ပြောသောကြောင့် ရွှေထည်နှင့် ဘောက်ချာတို့အား ပေးပြီး ငွေလိုက်ယူခိုင်းခဲ့ကြောင်း၊ ငွေလိုက်ယူသူမှာ ပိုက်ဆံမပါဘဲပြန်လာသဖြင့် မေးမြန်းရာ ဈေးထိပ်တွင် အဆိုပါအမျိုးသမီးက ပိုက်ဆံကိုဆိုင်ထဲတွင်သွားယူမည်ပြောပြီး ရွှေနှင့် ဘောက်ချာတို့အား ယူဆောင်ကာ အနီးရှိဆိုင်ထဲသို့ ဝင်ရောက်ပြီး လိမ်လည်ရယူသွားကြောင်း သိရှိရ၍ ဇွန်လ ၁၉ ရက် နေ့တွင် အရေးယူပေးရန်တိုင်တန်းချက်အရ မာလာ(ခ)ဇောင်းတလားအား သာကေတမြို့မရဲစခန်း (ပ)၄၆၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀ ဖြင့် အရေးယူခဲ့သည်။

အလားတူ မတ်လ ၁၆ ရက်နေ့တွင် လှိုင်မြို့နယ်နေ ဒေါ်သန့်ဇင်အေး(၃၃)နှစ်သည် ရတနာမွန် ဈေးရှိ ရွှေရီနန်းရွှေဆိုင်တွင် ရှိနေစဉ် အမျိုးသမီးတစ်ဦးမှ တစ်ကျပ်သားရှိ ရွှေဆွဲကြိုးအား ဝယ်ယူလိုကြောင်း၊ ကြက်သားရောင်းသူများနှင့်ခင်မင်ကြောင်းပြောကာ ဆွဲကြိုးဖိုးအား နေအိမ်တွင် လိုက်လံယူဆောင်ရန်ပြောပြီး ကြက်သားရောင်းသည့် ကိုကျော်ဝင်းအောင်မှာလည်း ၎င်းအမျိုး သမီးအား ခပ်လှမ်းလှမ်းတွင် ရပ်စောင့်နေသည်ကိုတွေ့ရှိသဖြင့် ယုံကြည်၍ တန်ဖိုးငွေကျပ် (၉၇၇,၀၀၀)တန်ဖိုးရှိ ဆွဲကြိုးအားပေးအပ်လိုက်ကြောင်း၊ ကိုကျော်ဝင်းအောင်အား ရွှေဆွဲကြိုးဖိုး လိုက်လံရယူခိုင်းရာ အဆိုပါအမျိုးသမီးမှာ တိုက်ခန်းသို့တက်သွားပြီး ပြန်လည်ဆင်းမလာ သောကြောင့် မေးမြန်းမှသာ အဆိုပါတိုက်တွင်မနေကြောင်း သိရှိရသောကြောင့် ဇွန်လ ၁၉ ရက်နေ့တွင် အရေးယူပေးရန်တိုင်တန်းချက်အရ မာလာ(ခ)ဇောင်းတလားအား ပိတောက်ချောင်း နယ်မြေရဲစခန်း(ပ)၃၇၈/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်ခဲ့သည်။

ထို့အတူ ၂၀၁၇ ခုနှစ်၊ မေလ ၃၁ ရက်နေ့တွင် လှိုင်မြို့နယ်နေ မသီရိမွန်(၂၇)နှစ်သည် နေအိမ်တိုက်ခန်းတွင် ဖွင့်လှစ်ထားသည့် အောင်သီရိ ရွှေဆိုင်တွင် ရှိနေစဉ် အမျိုးသမီးတစ်ဦး ရောက်ရှိလာပြီး ရွှေလက်ကောက်(၄)ကွင်း တန်ဖိုးငွေကျပ်(၁,၈၆၀,၀၀၀)အား ဝယ်ယူကာ ပိုက်ဆံအား တစ်တိုက်ကျော်တွင် ဖွင့်လှစ်ထားသည့် ဒန်ဆိုင်တွင် လိုက်ယူရန်ပြောသဖြင့် ဝန်ထမ်း တစ်ဦးအား လိုက်ယူစေရာ ၎င်းအမျိုးသမီးမှ ခဏဝတ်ကြည့်မည်ဟု ပြောကာ အငှားယာဉ်ပေါ်သို့ တက်၍ လိမ်လည်ရယူသွားသောကြောင့် ဇွန်လ ၁၉ ရက်နေ့တွင် အရေးယူပေးရန်တိုင်တန်းချက်အရ မာလာ(ခ)ဇောင်းတလားအား ပိတောက်ချောင်းနယ်မြေရဲစခန်း(ပ)၃၇၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀ ဖြင့် အရေးယူခဲ့သည်။

ထို့အပြင် မတ်လ ၂၉ ရက်နေ့တွင် တောင်ဥက္ကလာပမြို့နယ်နေ မခင်စောလု(၂၃)နှစ်သည် နန္ဒဝန်ဈေးရှိ ဆည်းဆာရောင်ရွှေဆိုင်တွင် ရှိနေစဉ် အမျိုးသမီးတစ်ဦးရောက်ရှိလာပြီး ရွှေဆွဲကြိုး တစ်ကုံးနှင့် ရွှေဆွဲသီးတစ်ခုတို့အား ချိန်ခိုင်ပြီး ကလေးတစ်ဦးနှင့်ပိုက်ဆံပေးခိုင်းလိုက်မည် ရွှေထည် ပစ္စည်းများအားပေးလိုက်ရန်ပြောသဖြင့် မပေးလိုက်နိုင်ကြောင်းပြောရာ ပြန်လည်ထွက်ခွာသွားကြောင်း၊ ခဏအကြာအဆိုပါအမျိုးသမီးပြန်ရောက်လာကာ ကြက်သားဆိုင်သို့ ငွေလိုက်ယူရန်ပြောသဖြင့် မခင်စောလုမှ လိုက်သွားစဉ် ၎င်းတွင်ပါလာသည့် ရှုဆေးဗူးဖြင့် မခင်စောလှ၏ နှာခေါင်းအား တေ့လိုက်သဖြင့် ရုတ်တရက်ထိုင်းမှိုင်းလာပြီး ဆွဲကြိုးနှင့်လော့ကတ်သီးအား ၎င်း၏လည်ပင်းတွင် ဆွဲခိုင်းကာ ခဏအကြာပိုက်ဆံလာပေးမည်ပြော၍ ထွက်သွားသဖြင့် ဇွန်လ ၁၉ ရက်နေ့တွင် အရေး ယူပေးရန်တိုင်တန်းချက်အရ တောင်ဥက္ကလာပမြို့မရဲစခန်း(ပ)၇၀၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၂၈/၄၂၀ ဖြင့် အမှုဖွင့်ခဲ့ကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
ရွှေဆိုင်များမှ ရွှေထည်ပစ္စည်းများကို လိမ်လည်သွားသူအား လိမ်လည်မှုများဖြင့် ထပ်မံအမှုဖွင့်အရေးယူလျက်ရှိ ရွှေဆိုင်များမှ ရွှေထည်ပစ္စည်းများကို လိမ်လည်သွားသူအား လိမ်လည်မှုများဖြင့် ထပ်မံအမှုဖွင့်အရေးယူလျက်ရှိ Reviewed by THITHTOOLWIN on 19:52 Rating: 5
Powered by Blogger.