မိုးအဆက်မပြတ်ရွာရာမှ မင်းပြားရပ်ကွက်တစ်ချို့ ရေမြုပ်


နိရဉ္စရာ၊ ဇွန် ၁၀

မိုး ၂ ရက်ဆက်တိုက်ရွာသွန်းမှုကြောင့် ရခိုင်ပြည်နယ် မင်းပြားမြို့ ရပ်ကွက်တစ်ချို့တွင် ၂ ပေခန့်ထိ ရေနစ်မြုပ်နေကြောင်း သတင်းရရှိသည်။

“ ရေက ဒူးခေါင်းနားထိ မြုပ်ပါတယ်။ မနေ့ညနေကတည်းက မြုပ်နေပါတယ်။ မြုပ်တာက မိုးဆက်တိုက်ရွာနေတဲ့ အတွက် ရေမကျဘဲ ရေနစ်မြုပ်နေတာပါ” ဟု ဓညမြေကုမ္ပဏီလီမိတက် ဒါရိုက် ဦးစံထွန်းမောင်က ပြောသည်။

ရေနစ်မြုပ်နေသည့် ရပ်ကွက်များမှာ ပြည်တော်သာရပ်ကွက်၊ ဆေးရုံအနီးဝန်းကျင်နှင့် ဈေးအနီးတ၀ှိုက်တွင် ဖြစ်ကြောင်း သူက ပြောဆိုသည်။

“ ဒီကနေ့ နံနက်ကတော့ ကျွန်တော် အပါအ၀င် မြို့နယ် စည်ပင်ဦးစီးတို့၊ မြို့နယ် ပညာရေးမှူးတို့ ဘတ်ဖိုး တစ်စီးနဲ့ ရေမြောင်းတွေကို တူးဖော်ခဲ့ပါတယ်။ ပိတ်ဆို့နေတဲ့ ရေမြောင်းတွေကို ရေစီးကောင်းအောင်ဆောင်ရွက်တာတွေလုပ်ဆောင်ခဲ့ပါတယ်” ဟု ၎င်းက ပြောဆိုသည်။

ရခိုင်ပြည်နယ်တွင် မိုးကောင်းနေပြီး ဆက်လက်ရွာသွန်းနေပါက နေရာအများအပြားတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသဖြင့် သတိအနေအထားဖြင့် နေထိုင်သွားလာကြရန် လိုအပ်ကြောင်း၊ အမ်းမြို့နယ် တပ်တောင်ရွာတွင်လည်း ရေလျှံမှုများရှိနေကြောင်း သတင်းများရရှိသည်။

Narinjara
https://www.facebook.com/Narinjara
မိုးအဆက်မပြတ်ရွာရာမှ မင်းပြားရပ်ကွက်တစ်ချို့ ရေမြုပ် မိုးအဆက်မပြတ်ရွာရာမှ မင်းပြားရပ်ကွက်တစ်ချို့ ရေမြုပ် Reviewed by THITHTOOLWIN on 20:54 Rating: 5
Powered by Blogger.