ပင်လယ်ကမ်းခြေတွင်တွေ့ရှိသည့် ဘင်္ဂါလီ ၁ဝဝ ကျော်အနက် ၉၂ ဦးအား မူရင်းနေရပ်သို့ပို့ဆောင်

ဓာတ်ပုံ - စက်လှေပျက်နှင့်အတူတွေ့ရှိခဲ့သည့် ဘင်္ဂါလီများအားတွေ့ရစဉ်။
မောင်တော၊ ဇွန် ၂၀၊ ၂၀၁၈။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ရှိ ပင်လယ်ကမ်းခြေတွင်တွေ့ရှိသည့် ဘင်္ဂါလီ ၁ဝဝ ကျော်အနက် ၉၂ ဦးအား မူရင်းနေရပ်သို့ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါဘင်္ဂါလီ ၉၂ ဦးတွင် မောင်တောမြို့နယ်၌နေထိုင်ခဲ့ဖူးသူ ၈၅ ဦးနှင့် ဘူးသီးတောင်မြို့နယ်၌နေထိုင်ခဲ့ဖူးသူ ၇ ဦးပါဝင်ပြီး ယင်းတို့အား မူလနေရပ်သို့ ဇွန်လ ၁၈ ရက်နေ့တွင် ပြန်လည်ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ သိရသည်။

"သူတို့တွေနေထိုင်ခဲ့တဲ့ ကျေးရွာတွေဆီ ပြန်ပို့လိုက်တာဖြစ်ပါတယ်။"ဟု အဆိုပါဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကမ်းခြေတွင်တွေ့ရှိခဲ့သည့်ဘင်္ဂါလီများအနက် ၁၂ ဦးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများဖြစ်ကြောင်းလည်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြီးခဲ့သည့်ရက်ပိုင်းက စစ်တွေရှိ အခမ်းအနားတစ်ခုအပြီးတွင် သတင်းထောက်များကိုပြောခဲ့သည်။

ယင်းဘင်္ဂလားဒေ့ရှ်နိုင်ငံသားများဆိုသူများကို နိုင်ငံခြားရေးဝန်ကြီးဌာနက သံတမန်နည်းလမ်းအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ပြန်လည်ပို့ဆောင်သွားမည်ဟုလည်း ဒေါက်တာဝင်းမြတ်အေးက ပြောဆိုခဲ့သည်။

ဘင်္ဂါလီအမျိုးသား ၄၄ ဦးနှင့် အမျိုးသမီး ၆ဝ ဦး စုစုပေါင်း ဘင်္ဂါလီ ၁ဝ၄ ဦးကို ရသေ့တောင်မြို့နယ် အောင်ဗလချောင်းဝ အငူမော်ကျေးရွာနှင့် ဒုံးပိုက်ကျေးရွာအကြား ပင်လယ်ကမ်းစပ်တွင် ဇွန်လ ၁၁ ရက်နေ့၊ နံနက်ပိုင်းက ပျက်စီးနေသည့်စက်လှေတစ်စီးနှင့်အတူ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ သူတို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှတဆင့် မလေးရှားသို့သွားစဉ် စက်လှေပျက်ပြီး ကမ်းကပ်လာခဲ့ကြခြင်းဖြစ်သည်။

မောင်​စပ်​စု
Central News Myanmar
https://www.facebook.com/CNMyanmar
ပင်လယ်ကမ်းခြေတွင်တွေ့ရှိသည့် ဘင်္ဂါလီ ၁ဝဝ ကျော်အနက် ၉၂ ဦးအား မူရင်းနေရပ်သို့ပို့ဆောင် ပင်လယ်ကမ်းခြေတွင်တွေ့ရှိသည့် ဘင်္ဂါလီ ၁ဝဝ ကျော်အနက် ၉၂ ဦးအား မူရင်းနေရပ်သို့ပို့ဆောင် Reviewed by THITHTOOLWIN on 11:10 Rating: 5
Powered by Blogger.