ချင်းပြည်နယ်တွင် ၅ လအတွင်း ယာဉ်တိုက်မှုကြောင့် လူ(၂၈) ဦးသေဆုံး


ခိုနူမ်းသုန်သတင်း၊ ၁၅ ဇွန် ၂၀၁၈

ချင်းပြည်နယ်တွင် ယာဉ်မတော်တဆဖြစ်မှုကြောင့် ၂၀၁၈ ခုနှစ် ဇန်န၀ါရီလမှ မေလအထိ (၅) လတာအတွင်း သေဆုံးသူ (၂၈) ဦးရှိပြီး ယာဉ်မတော်မဆမှု(၆၀)မှု၊ ထိခိုက်ဒဏ်ရာရရှိသူ(၇၀) ဦးရှိသည်ဟု ချင်းပြည်နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးထံ မှသိရသည်။

မတော်တဆဖြစ်သည့်ယာဉ်အများစုမှာ ဆိုင်ကယ်များဖြစ်ကြပြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်းမလိုက်နာကြ သည့်အတွက်ယာဉ်တိုက်မှုဖြစ်ပွားရခြင်းဖြစ်သည်ဟု ချင်းပြည်နယ် အမှတ်(၁၆) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူး ဦးဘင်နီဖိုင်းကပြောသည်။

“ယာဉ်မောင်းတဲ့လူက ယာဉ်စည်းကမ်းလမ်းစည်းကမ်းမလိုက်နာလို့ဖြစ်တာ မောင်းတဲ့လူတော်တော်များများက ယာဉ်မောင်းလိုင်စင်မရှိကြဘူး အဲလိုမရှိတဲ့အခါကျတော့ ယာဉ်စည်းကမ်းလမ်းစည်းကမ်းကို မသိကြဘူး နောက်တစ်ခုကတော့ ဖမ်းဆီးအရေးယူတဲ့ပိုင်း အားနည်းတယ် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေလည်းနည်းတယ် ဥပဒေအရ အရေးယူဖို့ဆိုရင်လည်း ရဲစခန်းမှာအမှုဖွင့်ရတဲ့အခါကျတော့ ကြန့်ကြာတယ် ကျနော်တို့က များများမဖမ်းနိုင်ဘူး များများတရားမစွဲနိုင်တဲ့အခါကျတော့ လူတွေက ဘာမှမဖြစ်ပါဘူး ရဲမဖမ်းပါဘူးကွာ မောင်းလို့ရတာပဲဆိုပြီး လွယ်လွယ်ကူကူနဲ့ယာဉ်စည်းကမ်းကိုချိုးဖောက်တာပေါ့” ဟု ဦးဘင်နီဖိုင်းကပြောသည်။


ယာဉ်စည်းကမ်းလမ်းစည်းကမ်းအရ ချင်းပြည်နယ်တွင် တစ်နာရီမိုင် ၂၀ နှုန်းဖြင့်သာ မောင်းနှင်ရမည်ဖြစ်ပြီး ယခင်ကထက် ကားလမ်းများကောင်းမွန်လာသည့်အပြင် ယာဉ်မောင်းသူများသည် အရက်သေစာသောက်သုံးကာ သတ်မှတ်နှုန်းထား ထက်ကျော်လွန်မောင်းနှင်လေ့ရှိသည့်အတွက်လည်း ယာဉ်မတော်မဆဖြစ်မှု ပိုများစေသည်ဟု ၎င်းကဆက်ပြောသည်။

ချင်းပြည်နယ်တွင် ယာဉ်မတော်မဆဖြစ်မှု နှင့် သေဆုံးမှုမှာ တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာနေပြီး ၂၀၁၆ ခုနှစ် တွင် ယာဉ်မတော်တဆမှု(၇၀)မှု၊ ယာဉ်မတော်တဆမှု ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ(၁၀၄)ဦး၊ သေဆုံးသူ(၂၄)ဦး ရှိခဲ့ပြီး ၂၀၁၇ခုနှစ်တွင် ယာဉ်မတော်တဆမှု (၈၇)မှု၊ ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ(၁၁၉)ဦး၊ သေဆုံးသူ(၄၃)ဦး ရှိသည်ဟု ချင်းပြည်နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့၏ မှတ်တမ်းအရ သိရသည်။

ချင်းပြည်နယ်မြို့နယ်များ၌ ယာဉ်တိုက်မှုအများဆုံးဖြစ်ပွားသည့်မြို့မှာ ဟာခါးမြို့တော်ဖြစ်ပြီး လူငယ်နှင့် လူလတ်ပိုင်းများ အကြား ယာဉ်တိုက်မှုအများဆုံးဖြစ်ပွားသည်ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှ သိရသည်။

ယာဉ်မတော်တဆဖြစ်မှု လျှော့ကျနိုင်ရေးအတွက် ဇွန်လ ၁၃ ရက်နေ့က ချင်းပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီနှင့် ဆပ်ကော်မတီများအစည်းအဝေးတစ်ရပ်ကျင်းပခဲ့ကြပြီး ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

အဆိုပါ အစည်းအဝေးတွင် ပြည်နယ်ယာဉ်အန္တရာယ်၊လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ ဥက္ကဋ္ဌ ပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က ပြည်နယ်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး အတွက် မှတ်ပုံတင်မဲ့မော်တော်ယာဉ်နှင့်မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်များကို စီမံချက်များ ချမှတ်၍ ဖမ်းဆီး အရေးယူဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

Khonumthung Burmese
https://www.facebook.com/KhonumtungBurmese
ချင်းပြည်နယ်တွင် ၅ လအတွင်း ယာဉ်တိုက်မှုကြောင့် လူ(၂၈) ဦးသေဆုံး ချင်းပြည်နယ်တွင် ၅ လအတွင်း ယာဉ်တိုက်မှုကြောင့် လူ(၂၈) ဦးသေဆုံး Reviewed by THITHTOOLWIN on 10:48 Rating: 5
Powered by Blogger.