အစိုးရကိုဖားရင် ကာတွန်းမဟုတ်

 မြန်မာ့နိုင်ငံရေးအပြောင်းအလဲ
လက်ရှိမြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကိုထင်ဟပ်စေတဲ့ ကာတွန်းတကွက်ကို ကာတွန်းဟန်လေး က ရေးခြစ်လိုက်တယ်။ အဖြူနဲ့အမည်းကာတွန်းတစ်ပုံကို နှစ်မိနစ်တောင်မကြာပဲပြီးတယ်။ အဲဒါက ချိုးဌက်တစ်ကောင်က သားပေါက်အောင် ဥကိုဝပ်နေတာပါ။ ဌက်မခမျာ ချွေးတွေအလုံးလိုက်ကျ ပြီးမောနေပုံ။ ဒါပေမဲ့ ဥကတော့မပေါက်နိုင်သေး။

ကာတွန်းရဲ့အဓိပ္ပာယ်ကတော့ ချိုးဌက်က ငြိမ်းချမ်းရေးသင်္ကေတဖြစ်ပြီး ဥတွေကတော့ငြိမ်းချမ်းရေးအသီး အပွင့်လို့ခေါ်နိုင်သလို ငြိမ်းချမ်းလုပ်ငန်းစဉ်ကို အကောင်အထည်ဖေါ်တဲ့အဖွဲ့ အစည်းတွေပါ။ သူဆိုလိုချင်တာ က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကောင်အထည်ဖေါ်တာဟာ မပေါက်နိုင်တဲ့ဥတွေလို နှေးကွေးနေတယ်လို့ ကာတွန်းဟန်လေး က ဆိုပါတယ်။

ကာတွန်းတွေ၊ ပန်းချီကားတွေချိတ်ဆွဲထားတဲ့ အဖြူရောင်သုတ်ထားတဲ့ အခန်းငယ်တခုမှာ ကာတွန်း ဟန်လေးတယောက် သူ့ရဲ့ပန်းချီပြပွဲကိုလာတဲ့ဧည့်သည်တွေ၊ မိတ်ဆွေအပေါင်းအသင်း တွေကို နှုတ်ဆက်တယ်။ သူ့ကာတွန်းစာအုပ်ဝယ်ယူအားပေးသူကိုလည်း လက်မှတ်ထိုးပေးတယ်။ စာအုပ်ဝယ်သူတချို့ကိုလည်း ပုံတွေဆွဲပေးတယ်။ သတင်းထောက်တွေကိုလည်း အင်တာဗျူးတွေဖြေလိုက်၊ ဓာတ်ပုံအရိုက်ခံလိုက်နဲ့ ချွေးတွေပြန်နေတယ်။

ကာတွန်းဟန်လေး ဟာ မြန်မာနိုင်ငံကိုစစ်အစိုးရအုပ်ချုပ်ခဲ့တဲ့ကာလမှာ အဘက်ဘက်ကချို့ယွင်း နေတဲ့နိုင်ငံရေး၊ စီးပွားရေးနဲ့အုပ်ချုပ်ရေးကိစ္စတွေကို ကာတွန်းရေးပြီးသရော်တဲ့နေရာမှာ ထိရောက်ပြောင် မြောက်လို့ နာမည်ကြီးခဲ့သူပါ။ သူဟာ ရှမ်းတိုင်းရင်းသားတယောက်ဖြစ်ပြီး ရှမ်းပြည်နယ်၊ ပင်လုံမြို့မှာနေထိုင်ပါတယ်။

၁၉၈၈ ခုနှစ်က အစိုးရကိုဆန့်ကျင်တဲ့အရေးအခင်းမှာပါဝင်ခဲ့တာကြောင့် ထိုင်းနိုင်ငံကိုထွက်ပြေး ခိုလှုံခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာနေခဲ့တုန်းက ချင်းမိုင်မြို့အခြေစိုက်ခဲ့တဲ့မြန်မာသတင်းဌာနဖြစ်တဲ့ ဧရဝတီမဂ္ဂဇင်း အပါအဝင် တခြားမီဒီယာတွေအတွက် ကာတွန်းတွေရေးဆွဲခဲ့ဖူးပါတယ်။ နှစ် ၂၀ ကျော် ကာတွန်းရေးဆွဲတဲ့ အပြင် ပန်းချီတွေလည်းရေးဆွဲနိုင်ပြီး ပန်းပုလည်းထုပါတယ်။
ကာတွန်းဟန်လေးနဲ့ သူ့ရဲ့ကာတွန်း
စစ်အာဏာရှင်အုပ်ချုပ်ချိန်မှာသာမက လက်ရှိပြည်သူရွေးကောက်တဲ့အစိုးရအုပ်ချုပ်ရေးစနစ် မှာလည်းအားနည်းချက်တွေတွေ့ရင် ပွင့်ပွင့်လင်းလင်းဝေဖန်ထောက်ပြဖို့လိုတယ်လို့ မြန်မာ ပရိတ်သတ်တွေအကြား နာမည်ကြီး ကာတွန်းဟန်လေး က ပြောပါတယ်။ အစိုးရကိုလည်း ဖော်လံဖားစရာမလိုပဲ ရဲရဲတင်းတင်း ထောက်ပြရမယ်လို့ သူကဆိုပါတယ်။

"ခေတ်ကိုသရော်ရင် အစိုးရကိုဖားဖို့လို့မရဘူး။ ကာတွန်းဆိုတာ အစိုးရကိုထောက်ပြနေတဲ့ မီဒီယာတခုပဲ။ ကာတွန်းတခုက အစိုးရကိုဖားနေပြီဆိုရင် ဒါကာတွန်းမဟုတ်တော့ဘူး" လို့ ကာတွန်းဟန်လေး က ရန်ကုန်မြို့မှာ ကျင်းပတဲ့သူ့ရဲ့တကိုယ်တော်ကာတွန်းပြပွဲမှာ ဘီဘီစီကို ပြောပါတယ်။

အစိုးရတာဝန်ရှိသူတွေရဲ့ အားနည်းချက်တွေကိုဝေဖန်ထောက်ပြတဲ့အခါမှာ ကာတွန်းနဲ့တဆင့် အပြုသဘောဆောင်တဲ့ရည်ရွယ်ချက်နဲ့သာရေးတာဖြစ်တယ်လို့ ကာတွန်းဟန်လေးက ပြောပါ တယ်။

"အနာရှိတဲ့သူတယောက်က ဆားနဲ့ပက်ရင် နာတတ်သလို၊ စပ်သလိုမျိုး ကျွန်တော်တို့ရေးတဲ့ ကာတွန်းက နိုင်ငံတခုကို ကိုယ်စားပြုတယ်။ ပုဂ္ဂိုလ်ရေးမပါဘူး။ ဥပမာ ဗိုလ်ချုပ်တဦးတယောက်ကို ကွက်ပြီး၊ ဦးတည်ပြီး ရေးတာမဟုတ်ဘူး။ ကျနော်ရေးတဲ့ကာတွန်းတွေဟာ အခြေအနေတခုလုံးကို ကိုယ်စားပြုတယ်" လို့ ကာတွန်းဟန်လေးက ပြောပါတယ်။

၂၀၁၁ ကစပြီးပြောင်းလဲလာတဲ့မြန်မာပြည်ရဲ့နိုင်ငံရေးအခင်းအကျင်းကြောင့် ပြည်ပကနေ မြန်မာ ပြည်ကိုပြန် လာနေထိုင်အလုပ်လုပ်ကြတဲ့ မီဒီယာအဖွဲ့အစည်းတွေအပါအဝင် အတိုက်အခံတွေ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေထဲမှာ ကာတွန်းဟန်လေး လည်းပါပါတယ်။ လက်ရှိမှာ သူက ရှမ်းပြည်နယ် ပင်လုံမြို့မှာ ပြန်လာအခြေချပြီး ပန်းပုလုပ်ငန်းတွေလုပ်ကိုင်နေပါတယ်။

ကာတွန်းဆွဲတာကို ခဏရပ်နားခဲ့ပြီး မကြာသေးခင်က မီဒီယာအဖွဲ့တချို့အတွက် ကာတွန်းတွေ ရေးဆွဲ လာပါတယ်။ ရန်ကုန်မြို့မှာလည်း ဇွန်လ ၁၃ ရက်နေ့မှာ သူ့ရဲ့တကိုယ်တော်ကာတွန်း ပြပွဲကိုပြုလုပ်ခဲ့ ပါတယ်။
 ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလှောင်ထားတဲ့ကာတွန်း
ကာတွန်းဆရာတိုင်းက နိုင်ငံရေးသမားမဟုတ်ပေမဲ့ တော်လှန်ရေးသမားတွေဖြစ်ကြပါတယ်လို့ သူကခံယူပါတယ်။ ဘာလို့လဲဆိုတော့ ခေတ်ကိုတော်လှန်နေကြတယ်၊ ခေတ်ကိုသရုပ်ဖေါ်နေကြ တယ်လို့ သူက ဆိုပါတယ်။

"တချိန်တုန်းက စစ်ဗိုလ်ချုပ်တွေနဲ့ပတ်သက်ပြိး ကာတွန်းတွေရေးခဲ့တယ်။ အခုအစိုးရသစ် အကြောင်း၊ သမ္မတသစ်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ပုံတွေရေးတယ်။ တခေတ်ပြီးတခေတ် ပြောင်းသွားရင် ချန်ထားလို့ရတာမဟုတ်ဘူး။ နောက်တခေတ်တက်လာတဲ့အစိုးရကို သရော်ရတယ်" လို့ ဟန်လေး က ပြောပါတယ်။

သူကြိုက်တဲ့ကာတွန်းတွေထဲကတစ်ပုံကိုရွေးလိုက်ပါတယ်။ ပုံထဲမှာတော့ လွှတ်တော်အမတ် တယောက် ကငြိမ်းချမ်းရေးဂျိုးဌက်တွေလွှတ်လိုက် တပ်မတော်စစ်သားတယောက်က ပစ်ချလိုက်ဖြစ်နေတဲ့ပုံပါ။ အစိုးရရဲ့ငြိမ်းချမ်းရေးကို တပ်မတော်က အနှောက်အယှက်တွေပေး နေတယ်လို့ ဆိုလိုကြောင်း ကာတွန်းဟန်လေး က ပြောပါတယ်။

"အပြုသဘောနဲ့ သရော်တာသပ်သပ်ပါ။ ဒါပေမဲ့ အစိုးရအနေနဲ့ကြည့်ရင်တော့ ဒါဟာ သူတို့အတွက် နည်းနည်းကြမ်းတာပေါ့၊ နည်းနည်းများတယ်လို့ထင်တဲ့ကာတွန်းတပုဒ်ပေါ့" လို့ သူက ဟာသနှောပြောပြပါ တယ်။

BBC Burmese
http://www.bbc.com/burmese
အစိုးရကိုဖားရင် ကာတွန်းမဟုတ် အစိုးရကိုဖားရင် ကာတွန်းမဟုတ် Reviewed by THITHTOOLWIN on 11:32 Rating: 5
Powered by Blogger.