အချက်အလက်ရှာဖွေရေးလုပ်ဖို့ ကုလက ကူညီဖို့ အသင့်ရှိတယ်

သက်ကယ်ပြင် ဒုက္ခသည်စခန်း
ရခိုင်ပြည်နယ် အရေး ကိုင်တွယ် ဖြေရှင်းတဲ့အခါ စစ်မှန်တဲ့ သဟဇာတမျှတရေး ရရှိဖို့ ဆိုရင် တာဝန်ခံမှု တာဝန်ယူမှု ရှိဖို့က အရေးကြီးဆုံး ဖြစ်တဲ့ အကြောင်း မြန်မာ အာဏာပိုင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးပွဲတွေမှာ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ခရစ္စတင်း ရှရနာ ဘူဂနာက အလေးပေး ပြောခဲ့တယ် ဆိုပြီး ကုလသမဂ္ဂရဲ့ ကြေညာချက်ထဲ တွေ့ရပါတယ်။

မစ္စ ဘူဂနာရဲ့ ပထမဆုံး အကြိမ် မြန်မာနိုင်ငံ ခရီးစဉ် အပြီးမှာ ကုလသမဂ္ဂရဲ့ ကြေညာချက် တစ်စောင် ထွက်လာတာပါ။

ဒါ့အပြင် အများ ယုံကြည် လက်ခံနိုင်မယ့် အချက်အလက် ရှာဖွေရေး လုပ်ငန်းတွေ ပြုလုပ်ဖို့လည်း မစ္စ ဘူဂနာက တိုက်တွန်း ခဲ့တယ်လို့ ဆိုပါတယ်။

ဒီလို အချက်အလက် ရှာဖွေရေးတွေ လုပ်ဆောင်မယ် ဆိုရင် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက ပူးပေါင်းကူညီဖို့ အသင့်ရှိနေကြောင်းကိုလည်း မစ္စ ဘူဂနာက မီးမောင်းထိုး ပြောဆို ခဲ့ပါတယ်။

မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ် စားလှယ် အဖြစ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ခန့်အပ်ထားတဲ့ မစ္စ ဘူဂနာဟာ သူ့ရဲ့ ပထမဆုံး အကြိမ် ခရီးစဉ် အဖြစ် မြန်မာနိုင်ငံကို ဇွန်လ ၁၂ ရက်ကနေ ဇွန်လ ၂၁ ရက် အထိ လာရောက် ခဲ့ပါတယ်။

 နေပြည်တော်မှာ ထိပ်တန်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ
နေပြည်တော်မှာ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ထိပ်တန်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ရခိုင်ပြည်နယ်ထဲက ဒုက္ခသည်တွေနဲ့ တွေ့ဆု့ခဲ့သလို မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် တလျှောက် ရောက်ရှိနေကြတဲ့ ဒုက္ခသည်တွေနဲ့လည်း တွေ့ဆုံ ခဲ့ပါတယ်။

ပဋိပက္ခဒဏ် သင့်ခဲ့တဲ့ နေရာတွေက သူတွေနဲ့ စကားပြောဆိုရင်း ကြားသိခဲ့ရတဲ့ အကြောင်းတွေ အတွက် မစ္စ ဘူဂနာ အနေနဲ့ အင်မတန် စိတ်မကောင်း ဖြစ်ခဲ့ရပြီး ဒီလို အဖြစ်ဆိုးတွေ ချုပ်ငြိမ်းဖို့ဆိုရင် အကြမ်းဖက် ဖြစ်ရပ်တွေကိုပါ အဆုံးသတ် နိုင်ဖို့လိုတယ်လို့ မစ္စ ဘူဂနာက ဆိုပါတယ်။

စစ်တွေနဲ့ မောင်တော မြို့ပြင်တွေက ဒုက္ခသည် စခန်းတွေကို သွားရောက် ခဲ့တဲ့ မစ္စ ဘူဂနာက ဒုက္ခသည်တွေ အနေနဲ့ လွတ်လပ်စွာ သွားလာခွင့် ရှိဖို့နဲ့ သူတို့ရဲ့ လူမှု-စီးပွားဘဝ ဖွံ့ဖြိုးလာဖို့ အရေးတကြီး လိုအပ် နေကြောင်းလည်း ပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်ထဲက လူမှု အသိုင်းအဝိုင်းတွေ အတွင်း တစ်ဘက်နဲ့တစ်ဘက် မယုံကြည်မှုတွေ ရှိနေတာ၊ ကြောက်ရွံ့မှုတွေ ရှိနေတာကို ဖြေဖျောက် နိုင်ဖို့ ဆိုရင် ခွဲခြားမှု မရှိတဲ့ တပြေးညီ ဥပေဒစိုးမိုးမှု ရှိဖို့နဲ့ အများပြည်သူ အသက်အိုးအိမ် စိတ်ချ လုံခြုံနိုင်ဖို့တွေ ရှိဖို့ လိုအပ်တယ်လို့လည်း မစ္စဘူဂနာက ပြောပါတယ်။

ရခိုင်ပြည်နယ်ထဲထိသွား
 မောင်တောထိ သွားခဲ့တဲ့ မစ္စဘူဂနာ
 ဒေသခံ လုံခြုံရေး အာဏာပိုင်တွေ ပြောတာကိုလည်း နားထောင်ခဲ့
သူ့ရဲ့ ခရီးစဉ် အတွင်း နွေးနွေးထွေးထွေး ကြိုဆိုခဲ့တဲ့ မြန်မာ အာဏာပိုင်တွေနဲ့ တကွ တွေ့ဆုံ ဆွေးနွေးခဲ့ရသူ အားလုံးကို မစ္စ ဘူဂနာက ကျေးဇူးတယ်တယ်လို့ ဆိုပါတယ်။

အခု ပထမဆုံး ခရီးစဉ် မှာတော့ အထူးကိုယ်စားလှယ် အနေနဲ့ ဘက်ပေါင်းစုံက ပြောတဲ့ မတူတဲ့ အမြင်တွေကို နားထောင်ဖို့ အဓိက အာရုံစိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲ တွေ့ရပါတယ်။

မတူတဲ့ အသိုင်းအဝိုင်းတွေကြား ယုံကြည်မှု တည်ဆောက်ရေးမှာ ဘယ် အချက်တွေက အရေးကြီးသလဲ ဆိုတာကို မစ္စဘူဂနာ အသေအချာ နားလည်လိုပြီး ကွဲပြား နေသူတွေကြား မစ္စ ဘူဂနာ အနေနဲ့ ကုလသမဂ္ဂရဲ့ စံနှုန်းစံထားတွေနဲ့ အညီ အပြုသဘောဆောင်တဲ့ ဆက်ဆံရေး ဖော်ဆောင် ပေးလိုတယ်လို့ ဆိုပါတယ်။

မစ္စဘူဂနာရဲ့ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ် အရေးကို အာရုံစိုက်ခဲ့သလို နိုင်ငံတွင်း ဒီမိုကရေစီ တည်ဆောင်ရေးနဲ့ ရွေးကောက်ပွဲ၊ ငြိမ်းချမ်းရေး ဖြစ်စဉ်၊ တနိုင်ငံလုံး အပစ်ရပ် သဘောတူ စာချုပ် NCA ကို လက်တွေ့ အကောင်အထည်ဖော်မှု အခြေအနေ စတာတွေကိုပါ ဆွေးနွေးခဲ့ပါတယ်။

ကုလသမဂ္ဂနဲ့ မြန်မာနိုင်ငံကြား ပေါင်းကူးတံတားသဖွယ် ဆောင်ရွက်ပေးလိုတဲ့ ဆန္ဒသဘောထားမျိုး ရှိကြောင်း မစ္စ ဘူဂနာက မြန်မာ အာဏာပိုင်တွေကို ပြောခဲ့ပါတယ်။

မစ္စ ဘူဂနာဟာ ကုလသမဂ္ဂရဲ့ နယူယောက်မြို့ ရုံးချုပ်မှာ သူ့ရဲ့ တွေ့ရှိချက်တွေ၊ အကြံဉာဏ်တွေကို မတင်ပြခင် ဘင်္ဂလားဒေ့ရှ်၊ ထိုင်းနဲ့ တရုတ်နိုင်ငံတွေကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
အချက်အလက်ရှာဖွေရေးလုပ်ဖို့ ကုလက ကူညီဖို့ အသင့်ရှိတယ် အချက်အလက်ရှာဖွေရေးလုပ်ဖို့ ကုလက ကူညီဖို့ အသင့်ရှိတယ် Reviewed by THITHTOOLWIN on 10:50 Rating: 5
Powered by Blogger.