လူဦးရေ ၄ ထောင် အတွက် နေ့လယ်စာ ချက်ပြုတ် လှူဒါန်းပွဲ ကျင်းပ

MCA နဲ့ WCWB တို့ ပူးပေါင်းပြီး လူဦးရေ ၄ထောင် အတွက် နေ့လယ်စာ ချက်ပြုတ် လှူဒါန်းပွဲကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့က ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်မှာ ပြုလုပ်စဉ်/ Photo: Thant Zin Oo/ RFA
မြန်မာနိုင်ငံ စားဖိုမှူးများအသင်း (MCA) နဲ့ နယ်စည်းမခြား စားဖိုမှူးကြီးများအသင်း (WCWB) တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ လူဦးရေ ၄ထောင် အတွက် နေ့လယ်စာ ချက်ပြုတ် လှူဒါန်းပွဲကို ဒီနေ့ ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်မှာ ပြုလုပ်ခဲ့ပါတယ်။

အခုလို လှူဒါန်းပွဲ ကျင်းပတာနဲ့ပတ်သက်ပြီး နယ်စည်းမခြား စားဖိုမှူးကြီးများအသင်း (WCWB) ရဲ့ အဖွဲ့ဝင်နဲ့ မြန်မာနိုင်ငံ စားဖိုမှူးများအသင်း (MCA) ရဲ့ ဥက္ကဋ္ဌ အိုလီဗာစိုးသက် က အခုလို ပြောပါတယ်။

"မြန်မာနိုင်ငံဟာ ကမ္ဘာမှာ အလှူဒါန ပြုတဲ့နေရာမှာ နံပါတ် ၁ လို့ နာမည်ကြီးပါတယ်။ အခုအချိန်ဟာ ကမ္ဘာက မြန်မာပြည်ကို တစ်လှည့် ပြန်လှူဒါန်းရမယ့်အချိန် ဖြစ်ပါတယ်။ အဲဒါကြောင့် ကျနော်တို့ ရောက်လာတာ ဖြစ်ပါတယ်။ အဲဒါက ဘာကိုပြတာလဲဆိုတော့ လူသားအချင်းချင်း စည်းလုံးညီညွတ်ရမယ်ဆိုတဲ့ အပေါင်းလက္ခဏာဆောင်တဲ့ စဉ်းစားမှုတွေကနေ ဆပွားဖြစ်လာတာပါပဲ။ မြန်မာနိုင်ငံသားတွေဟာ ဧည့်ဝတ် ကျေပြွန်သူတွေ ဖြစ်တယ်၊ နွေးထွေးတဲ့ နှလုံးသားကို ပိုင်ဆိုင်သူတွေ ဖြစ်တယ်ဆိုတာကို တစ်ကမ္ဘာလုံးကို ပြသလိုတာလည်း ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးက မြန်မာပြည်ကို လာကြပါ။ မြန်မာတွေရဲ့ နွေးထွေးမှု ဧည့်ဝတ်ကျေပြွန်မှုတွေကို ကိုယ်တိုင် လာရောက်လေ့လာကြပါလို့ ပြောချင်ပါတယ်"

အခုလို နိုင်ငံတကာက နယ်စည်းမခြား စားဖိုမှူးတွေ လာရောက်လှူဒါန်းတာဟာ မြန်မာနိုင်ငံအတွက် ပထမဆုံးဖြစ်ပြီး မြန်မာနိုင်ငံ စားဖိုမှူးများအသင်း (MAC) က မြန်မာ စားဖိုမှူးပေါင်း ၂၅၀ ပါဝင် ကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။

နယ်စည်းမခြား စားဖိုမှူးကြီးများအသင်း (WCWB) ကို နိုင်ငံပေါင်း (၂၄)နိုင်ငံက စားဖိုမှူး အယောက် ၇၀ နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

အဲဒီအဖွဲ့တွေရဲ့ လှူဒါန်းမှုတွေထဲက ပိုလျှံတာတွေကို ကျောင်းသား၊ ကျောင်းသူတွေအတွက် စာရေးကိရိယာတွေ ဆက်လက်လှူဒါန်းသွားမှာ ဖြစ်တဲ့အပြင် မနက်ဖြန်မနက် အစောပိုင်းမှာလည်း ဒလမြို့နယ်ကနေ တွံတေးမြို့နယ်အထိ ကျေးရွာအချို့ကို သင်္ဘောနဲ့သွားရောက်ပြီး လူဦးရေ ၈၀၀၀ စာချက်ပြုတ်ကာ လှူဒါန်းသွားမယ်လို့ သိရပါတယ်။

RFA Burmese
https://www.rfa.org/burmese
လူဦးရေ ၄ ထောင် အတွက် နေ့လယ်စာ ချက်ပြုတ် လှူဒါန်းပွဲ ကျင်းပ လူဦးရေ ၄ ထောင် အတွက် နေ့လယ်စာ ချက်ပြုတ် လှူဒါန်းပွဲ ကျင်းပ Reviewed by THITHTOOLWIN on 20:06 Rating: 5
Powered by Blogger.