စစ်တပ်ကို ICC ရာဇဝတ်ခုံရုံးကို တင်ဖို့ ကချင်အဖွဲ့တွေ တိုက်တွန်း

ကဆုန့်ဒေသ စစ်ဘေးရှောင်တွေကို ၂၀၁၇ ခုနစ်က တွေ့ရစဉ်
ကချင်ဒေသတွင်း စစ်ပွဲတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ လုပ်နေတဲ့အတွက် မြန်မာအစိုးရစစ်တပ်ကို ICC အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးတင်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ကချင်လူမှု့အဖွဲ့အစည်းတွေက တိုက်တွန်းလိုက်ပါတယ်။

ကေအိုင်အေ ကချင်လွတ်မြောက်ရေး တပ်ဖွဲ့နဲ့ တပ်မတော်အကြား အပစ်အခတ်ရပ်စဲရေး ကျိုးပျက်တဲ့ ကာလကနေစတင်ပြီး ကချင်လူမျိုးတွေဟာ ညှင်းပန်းနှိပ်စက်မှုအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှု ၊ အတင်းအကျပ်နေရပ်ရွှေ့ပြောင်းစေမှု ၊ သတ်ဖြတ်ခံရမှု ၊ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အကူပေးရေး အစီအစဉ်တွေ ငြင်းပယ်ခံရမှုတွေနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ ဧပြီလ ၂၃ ရက်နေ့ ရက်စွဲနဲ့ ကချင် လူမှုအဖွဲ့အစည်း ၃၂ ဖွဲ့စုပေါင်းထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာကို တည်ငြိမ်အေးချမ်း လုံခြုံတဲ့ ဒီမိုကရေစီ တိုင်းပြည်အဖြစ် တွေ့မြင်လိုတယ်ဆိုရင် စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဒဏ်ခတ်အရေးယူမှုတွေ လုပ်ဖို့ လိုတယ်လို့လည်း ကချင်လူမှု့အဖွဲ့အစည်းတွေက ပြောပါတယ်။
နမ္မတီး စစ်ဘေးရှောင်တွေကို လဝက က စစ်ဆေးမှတ်တမ်းတင်ဖို့ မြစ်ကြီးနားကို ခေါ်လာစဉ်
စစ်တပ်ကို ပြစ်ဒဏ်က ကင်းလွတ်နေမှုတွေကို ရပ်တန့်လိုက်မှသာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ချက်ခြင်းလျှော့ချနိုင်မှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လတ်တလောကာလမှာပဲ တနိုင်းဒေသ တိုက်ပွဲတွေကြောင့် ဒေသခံ ၂၀၀၀ ကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေရသလို နမ္မတီး ကဆုန့်ဒေသက ဒေသခံ တစ်ထောင်လောက်ဟာလည်း နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံက ကိုယ်စားလှယ်တွေဟာ လာမဲ့အပတ်အတွင်း မြန်မာနိုင်ငံကို လာရောက်ဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။
ကချင် လူမှုအဖွဲ့အစည်း ၃၂ ဖွဲ့စုပေါင်းထုတ်ပြန်တဲ့ ထုတ်ပြန်ချက်
BBC Burmese
http://www.bbc.com/burmese
စစ်တပ်ကို ICC ရာဇဝတ်ခုံရုံးကို တင်ဖို့ ကချင်အဖွဲ့တွေ တိုက်တွန်း စစ်တပ်ကို ICC ရာဇဝတ်ခုံရုံးကို တင်ဖို့ ကချင်အဖွဲ့တွေ တိုက်တွန်း Reviewed by THITHTOOLWIN on 18:42 Rating: 5
Powered by Blogger.