ဗဟို အုပ်ချုပ်ရေးတချို့ လျှော့ချ

ပညာရေး အဆောက်အအုံတွေ ဆောက်လုပ်ဖို့အတွက် အရည်အသွေး ကြီးကြပ်တဲ့ အပိုင်းတွေလည်း ခန့်ခွဲခွင့် ရ
တိုင်းနဲ့ ပြည်နယ်အစိုးရတွေဟာ ပညာရေးနဲ့ ပတ်သက်တဲ့ အဆောက်အအုံတွေ ဆောက်လုပ်တဲ့ ကိစ္စမှာ တိုက်ရိုက်ခန့်ခွဲခွင့် တချို့ ရတော့မယ်လို့ ရှမ်းပြည်နယ် လူမှုရေး ဝန်ကြီး ဒေါက်တာ မျိုးထွန်းက ဘီဘီစီကို ပြောပါတယ်။

အခုလို ခန့်ခွဲခွင့်ရမယ့်ကိစ္စဟာ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ရဲ့ ညွှန်ကြားချက်နဲ့ ဆောင်ရွက်မှာ ဖြစ်တယ်လို့လည်း ဒေါက်တာ မျိုးထွန်းက ပြောပါတယ်။

အခုလို အဆောက်အအုံတွေ ဆောက်လုပ်ဖို့အတွက် တင်ဒါခေါ်တာ၊ တင်ဒါရွေးတာနဲ့ အရည်အသွေး ကြီးကြပ်တဲ့ အပိုင်းတွေကို ခန့်ခွဲခွင့် ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ကုန်ကျစရိတ် ငွေထုတ်ဖို့ ကိစ္စကိုလည်း တိုင်းနဲ့ ပြည်နယ် အစိုးရ ဝန်ကြီးချုပ် ဒါမှမဟုတ် ဝန်ကြီးချုပ်က တာဝန်ပေးထားသူရဲ့ လက်မှတ်နဲ့ ထုတ်ခွင့်ရမယ့် လုပ်ပိုင်ခွင့်လည်း ပါဝင်တယ်လို့လည်း ဒေါက်တာ မျိုးထွန်းက ပြောပါတယ်။

ယခင်ကတော့ အခုလို ခန့်ခွဲတဲ့ ကိစ္စကို ဗဟို ပညာရေး ဝန်ကြီးဌာနက ဆောက်လုပ်ရေး ဝန်ကြီးဌာနကို တိုက်ရိုက် အပ်တာ ဖြစ်ပါတယ်။

အခုလို ကိစ္စတွေကို ခန့်ခွဲဖို့အတွက် တိုင်းနဲ့ ပြည်နယ်အလိုက် ကော်မတီတွေ ဖွဲ့ရမှာ ဖြစ်ပြီး အရေအသွေး စစ်ဆေးရေး ကော်မတီမှာ ဆိုရင် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် လမ်းဦးစီး၊ မြို့နယ် စည်ပင် အကြီးအကဲ၊ ကျောင်းအုပ်၊ မိဘ ဆရာ အသင်း ဥက္ကဋ္ဌနဲ့ မြို့နယ် ပညာရေးမှူးတို့ ပါဝင်မယ်လို့ ဒေါက်တာ မျိုးထွန်းက ပြောပါတယ်။

လက်ရှိ ဧပြီလကုန် ၃၀ ရက်နေ့ နောက်ပိုင်းမှာတော့ ရှမ်းပြည်နယ်အတွင်းက အခြေခံပညာကျောင်း တချို့ဆောက်ဖို့အတွက် တင်ဒါတွေ စခေါ်တော့မယ်လို့လည်း ဒေါက်တာ မျိုးထွန်းက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
ဗဟို အုပ်ချုပ်ရေးတချို့ လျှော့ချ ဗဟို အုပ်ချုပ်ရေးတချို့ လျှော့ချ Reviewed by THITHTOOLWIN on 22:54 Rating: 5
Powered by Blogger.