ပြည်ပထွက် အလုပ်လုပ်မှုကြောင့် အရွယ်ကောင်း လုပ်အားတွေ အသုံးမချနိုင်

အလုပ်သမား ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်
မြန်မာနိုင်ငံကနေ ပြည်ပထွက် အလုပ်လုပ်ကိုင်သူ အရေအတွက်ဟာ ပြီးခဲ့တဲ့ ၃လတုန်းက ငါးသောင်းနီးပါး ရှိခဲ့ပါတယ်။

တကယ်တန်း လက်တွေ့မှာ အလုပ်လုပ်နိုင်စွမ်းရှိသူ ၃၆ % ရှိပေမယ့် အခုလို အုံနဲ့ကျင်းနဲ့ ပြည်ပထွက် အလုပ်လုပ်မှုတွေကြောင့် အကောင်းအဆိုး ဒွန့်တွဲ နေတယ်လို့ အလုပ်သမားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်က ပြောပါတယ်။

ပြည်ပထွက် အလုပ်လုပ်တဲ့ အတွက် လူငယ်တွေဟာ ပြည်တွင်းမှာ မရှိဖူးသေးတဲ့ လုပ်ငန်းတွေမှာ ဝင်ရောက် လုပ်ကိုင်ရင်း အတွေ့အကြုံ ၊ ဗဟုသုတတွေ ရရှိကာ ကိုယ့်နိုင်ငံမှာ ပြန်အသုံးချတဲ့ ကလေးတွေ အများကြီး တွေ့ရသလို တဖက် ကလည်း နိုင်ငံအတွက် ၀င်ငွေ ရှာပေးမှုတွေ ရှိကြောင်း ၊ တရားဝင် ငွေရှာပေးသလို ဟွန်ဒီ ငွေလွှဲတွေနဲ့ ၀င်တာလည်း ရှိကြောင်း ၊ ဒီအတွက် အကျိုးကျေးဇူးတွေ ရတယ်လို့ သူက ဆိုပါတယ်။

တဖက်က ပြောရရင်လည်း အရွယ်ကောင်း လုပ်အားကောင်းတွေကို အသုံးချရမယ့် နေရာမှာ မချနိုင်သေးလို့ ဒါတွေ အားနည်းနေသေးတယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ၃လတုန်းက နိုင်ငံခြား ထွက်အလုပ်လုပ်တဲ့ လူဉီးရေ ငါးသောင်း ဆိုတဲ့ ကိန်းဂဏန်းကို တရားသေ တွက်ထားလို့ မရကြောင်း ၊ ဒါဟာ တဖက်က လုပ်ငန်း ရာသီတွေနဲ့လည်း ဆိုင်ကြောင်း ၊ သူတို့ဆီက လုပ်ငန်းတွေမှာ လုပ်အား လိုအပ်ချက်ပေါ် မူတည်ပြီး ဒီ ကိန်းဂဏန်း အပြောင်းအလဲ ရှိကြောင်း ၊သူက ရှင်းပြပါတယ်။

ဒါ့အပြင် ပြည်ပမှာ အလုပ်လုပ်ကိုင်ပြီး ပြန်လာတဲ့ လူငယ်တွေလည်း ရှိကြောင်းနဲ့ ဒါတွေကို နယ်စပ်ဂိတ်တွေနဲ့ လေဆိပ်တွေမှာ သွားကြည့်ရင် တွေ့ရတက်တယ်လို့ သူက ဆိုပါတယ်။

ပြည်တွင်းမှာ Man Power မြှင့်တင်ဖို့ ဆိုတာက FDI ဆိုတဲ့ ပြည်ပက တိုက်ရိုက် ရင်းနှီးမြုပ်နှံမှုတွေ ၀င်လာဖို့ လိုသလို ၊ SME ဆိုတဲ့ ပြည်တွင်း အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေ ဖွံ့ဖြိုး တိုးတက်ဖို့ကလည်း လိုတဲ့ အတွက် ဒါတွေကို အစိုးရကချည်း သက်သက် လုပ်လို့ မရနိုင်ကြောင်းနဲ့ အားလုံး ဝိုင်းလုပ်ရမှာ ဖြစ်ကြောင်း အလုပ်သမားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်ဦးမျိုးအောင်က ထောက်ပြခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese
ပြည်ပထွက် အလုပ်လုပ်မှုကြောင့် အရွယ်ကောင်း လုပ်အားတွေ အသုံးမချနိုင် ပြည်ပထွက် အလုပ်လုပ်မှုကြောင့် အရွယ်ကောင်း လုပ်အားတွေ အသုံးမချနိုင် Reviewed by THITHTOOLWIN on 09:14 Rating: 5
Powered by Blogger.