ကမ္ဘာနိုင်ငံရေး ဇာတ်ခုံမှာလည်း သမိုင်းဝင်မယ့် အဖြစ်အပျက်

မနက် ၉ခွဲမှာ ခေါင်းဆောင်နှစ်ယောက် စတွေ့မယ်
ကမ္ဘာနိုင်ငံရေး ဇာတ်ခုံမှာ သမိုင်းဝင်မယ့် အဖြစ်အပျက် တစ်ခု မကြာခင်မှာပဲ ပေါ်ပေါက် လာတော့မှာပါ။

၁၉၅၃ ခုနှစ်၊ ကိုရီးယားကျွန်းဆွယ် စစ်ပွဲပြီး ကတည်းက၊ နှစ်ပေါင်း ၆၅ နှစ် အတွင်း ပထမဆုံး အကြိမ် အနေနဲ့ မြောက်ကိုရီးယား ခေါင်းဆောင်ဟာ တောင်ကိုးရီးယား ပိုင်နက် နယ်မြေထဲ ဝင်ရောက် လာဖို့ ရှိနေပါတယ်။

အခု သောကြာနေ့ မနက်၊ ဒေသစံတော်ချိန် ၉ နာရီခွဲမှာ သမ္မတ မွန်ဂျေအင်း နှစ်နိုင်ငံ နယ်စပ်ကို လာပြီး ကင်မ်ဂျုံအွန်းကို လာရောက် ကြိုဆိုမယ်လို့ တောင်ကိုရီးယား ဘက်က ပြောထားပါတယ်။

မစ္စတာ ကင်မ်ဟာ နှစ်နိုင်ငံ တရားဝင် နယ်စပ်မျဉ်းကို ဖြတ်ကျော်ပြီး တစ်ဘက်ကို ဝင်ရောက်မှာ ဖြစ်တာကြောင့် တောင်ကိုရီးယားကို သွားရောက်တယ်လို့ ပြောဆို နိုင်တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကိုရီးယား ၂ နိုင်ငံကြား ထားရှိထားတဲ့ စစ်မက် ကင်းစင်ဇုံ အဝန်းအဝိုင်းကို ကျော်ပြီး မစ္စတာ ကင်မ် သွားမှာ မဟုတ်ပါဘူး။
နယ်စပ်မျဉ်း အဖြစ် သတ်မှတ်ထားတဲ့ ကွန်ကရစ် အဆောက်အဦတွေ
မြောက်ကိုရီးယားက သူတို့ရဲ့ နျူကလီယာ လက်နက် စီမံကိန်းတွေကို စွန့်လွှတ်မယ့် ဆန္ဒ သဘောထားမျိုး ရှိကောင်း ရှိနေနိုင်တယ် ဆိုတဲ့ အရိပ်အယောင်တွေ လတ်တလော ကာလတွေ အတွင်း ပြသ လာခဲ့တဲ့နောက် ၊ အခု တွေ့ဆုံပွဲမှာလည်း ဒီ အကြောင်းချင်းရာ ကိစ္စ အပေါ်မှာပဲ အာရုံစိုက် လာဖို့ ရှိပါတယ်။

အခု ထိပ်သီး အစည်းအဝေးကနေ ရလာဒ်ကောင်းတွေ တခါတည်း ထွက်လာမယ်ဖို့ မျှော်လင့်ချက် ကြီးကြီးမားမား မထားကြနဲ့ ဆိုပြီး တောင်ကိုရီးယား စစ်တပ်က ဒုဗိုလ်ချုပ်ကြီးဟောင်း အင်ဘွန်ချွန်းကတော့ သတိပေးပါတယ်။

အခုလို ထိပ်သီး ဆွေးနွေးပွဲ ဖြစ်မြောက် လာတာကိုက အတော်လေး တိုးတက်လာတာပါ။ အကြပ်အတည်းကာလ ကနေ မျှော်လင့်ချက် ရောင်ခြည် ရှိလာတာပေါ့။ ဒါပေမယ့်လည်း ကိုရီးယား ပြည်သူတွေသာမက တကမ္ဘာလုံးက မျှော်တလင့်လင့် ဖြစ်နေကြတဲ့ ရလာဒ်တွေ တပါတည်း ရလာဖို့တော့ မဖြစ်နိုင်ဘူး ဆိုပြီး အင်ဘွန်ချွန်းက ပြောပါတယ်။

နယ်ခြားမျဉ်း အနေနဲ့ ဆောက်ထားတဲ့ ကွန်ကရစ် အဆောက်အဦတွေထဲက တစ်နေရာမှာ မစ္စတာ မွန်းဟာ မစ္စတာ ကင်မ် နဲ့ ၉ ဦးပါ သူ့အဖွဲ့ကို စတင် ကြိုဆို နှုတ်ဆက်မှာ ဖြစ်ပါတယ်။

အဲဒီနောက် ခေါင်းဆောင် နှစ်ယောက်ဟာ တောင်ကိုရီးယား ဂုဏ်ပြုတပ်ဖွဲ့ ခြံရံပြီး နယ်စပ်ရွာလေးဖြစ်တဲ့ ပန်မွန်ဂျုမ် ရွာက ဧည့်ခမ်းမကို သွားကြမှာ ဖြစ်ပါတယ်။

ခေါင်းဆောင် နှစ်ဦး ဘယ်အချိန်က ဘယ်အချိန်ထိ စကားပြောမယ်၊ နေ့လယ်စာကို မြောက်ကိုရီးယား အဖွဲ့က ကိုယ့် နိုင်ငံ ပိုင်နက်ဘက် ပြန်စားမယ်၊ နေ့ခင်းကျတော့ နှစ်ဘက်စလုံးက မြေကြီးနဲ့ ရေတွေကို သုံးပြီး ခေါင်းဆောင် နှစ်ယောက် ထင်းရူးပင် တစ်ပင် အတူ ပျိုးကြမယ် စတဲ့ အသေးစိတ် အစီအစဉ်တွေ ရေးဆွဲ ထားနှင့်ပြီး ဖြစ်ပါတယ်။

တောင်ကိုရီးယားနဲ့ကြား တွေ့ဆုံ စကားပြောဖို့ လမ်းဖွင့်ထားတယ်လို့ မစ္စတာ ကင်မ်က ပြီးခဲ့တဲ့ ဇန်နဝါရီလ တုန်းက စပြောလာခဲ့တဲ့ နောက်၊ အခုလို အခြေအနေမျိုးထိ ရောက်ရှိလာတာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
ကမ္ဘာနိုင်ငံရေး ဇာတ်ခုံမှာလည်း သမိုင်းဝင်မယ့် အဖြစ်အပျက် ကမ္ဘာနိုင်ငံရေး ဇာတ်ခုံမှာလည်း သမိုင်းဝင်မယ့် အဖြစ်အပျက် Reviewed by THITHTOOLWIN on 07:47 Rating: 5
Powered by Blogger.