သမ္မတသစ်၏ မြန်မာ့နှစ်သစ် လွတ်ငြိမ်းချမ်းသာခွင့်တွင် သျှမ်းတပ်မှူးကြီးနှစ်ဦးပါဝင်


ဧပြီ ၁၇ ရက် ၂၀၁၈

နိုင်ငံတော်သမ္မတ သစ် ဦးဝင်းမြင့်၏ မြန်မာ့နှစ်သစ် အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်တွင် သျှမ်းနိုင်ငံရေးအကျဉ်းသား ဖြစ်သည့် သျှမ်းတပ်မှူးကြီး နှစ်ဦးပါဝင်ကြောင်းကြားသိရသည်။

ဧပြီလ ၁၇ ရက်နေ့ရက်စွဲပါ အဆိုပါလွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ လွတ်မြောက်လာမှုအထဲတွင် သာယာဝတီ ထောင်မှ သျှမ်းပြည်တပ်မတော် RCCS/SSA ၏ တပ်မှူးတဦး ဖြစ်သူ ဒုတိယ ဗိုလ်မှူးကြီး ခွန်ကျော် ခေါ် သံချောင်း နှင့် အင်းစိန်ထောင်မှ သျှမ်းပြည်အမျိုးသားတပ်မတော် SSNA ၏ တပ်မှူးတဦးဖြစ်သူ ဗိုလ်မှူးကြီး စိုင်းလုံ တို့ ပါဝင်သည်။

သျှမ်းနိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးအတွက် အကူအညီပေးနေသည့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ စိုင်းလိတ် က - နိုင်ငံရေးအကျဉ်းသားတွေကို အကုန်လုံးမဟုတ်ရင် တောင်မှ တချို့တဝက်ကို ပြန်လွတ်ပေးတယ်ပေါ့နော်။ အဲဒီအထဲမှာ နှစ်ရှည်ထောင်ကျနေတဲ့ ဒု ဗိုလ်မှူး ကြီး စဝ်ခွန်ကျော်တို့လိုအဖွဲ့မျိုးက ပါလာတယ်ဆိုတော့ ဒါကသမ္မတကြီးရဲ့ ပထမဦးဆုံးခြေလှမ်းအစ ဆိုတော့ကျနော်တို့ကြိုဆိုရမှာပေါ့” - ဟု သျှမ်းသံတော်ဆင့်သို့ ပြောသည်။

သျှမ်းပြည်တပ်မတော် RCCS/SSA ၏ တပ်မှူးတဦး ဖြစ်သူ ဗိုလ်မှူးကြီးခွန်ကျော် နှင့်အတူ ဖမ်းဆီး ထောင်ချ ခံရသည့် စိုင်းသာထူး၊ စိုင်းဘုန်းတင့် တို့လည်း လွတ်မြောက်လာသည်ဟုသိရသည်။
“နောက်နောင်ကျရင်နိုင်ငံရေးအကျဉ်းသားဆိုတာ မရှိတော့ဘဲနဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတဲ့နေရာမှာ တွေ့ဆုံဆွေးနွေးရေးကသာလျှင် အဓိက ဆိုတဲ့ မူအတိုင်းဆက်သွားမှ ကျနော်တို့မျှော်မှန်းတဲ့ ငြိမ်းချမ်းရေးကိစ္စကို ပိုပြီးတော့မြန်မြန်ဆန်ဆန်ဆောင်ရွက်နိုင်မှာပေါ့နော်။ အဲ့ကြောင့်မို့လို့ နောက်နောင် နိုင်ငံရေးအကျဉ်းသားဆိုတာ ဆက်ပြီးမရှိရလေအောင် ကျန်နေသေး တဲ့သူတွေကိုလဲ ပြန်လွတ်ပေးဖို့၊ နောက်နောင်ဒီကိစ္စမျိုးနဲ့ပတ်သက်ပြီး အရေးမယူကျဖို့ ပေါ့” ဟု သျှမ်းနိုင်ငံရေးအကျဉ်းသားလွတ်မြောက်မှုနှင့်ပတ်သက်ပြီး စိုင်းလိတ်က ဆက်၍ပြောသည်။

နိုင်ငံတော်သမ္မသစ် ဦးဝင်းမြင့် ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် ထုတ်ပြန်ချက်တွင် - မြန်မာ့နှစ်သစ် ကူး အခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု၏ နှလုံးစိတ်ဝမ်း အေးချမ်း စေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း အကျဉ်းထောင် သီးသီးမှ အကျဉ်းကျခံနေရသည့် အကျဉ်း ၈၄၉၀ ဦးအား ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ ပုဒ်မခွဲ ၁ အရ စည်းကမ်းသတ်မှတ်ချက်မထားလွတ်ငြိမ်းသက်သာခွင့်ပေးလိုက်သည်ဟု ဆိုသည်။

အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့် တွင် အေအေပီပီ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်မှု ကူညီရေးအဖွဲ့ စာရင်းဝင်သည့် နိုင်ငံရေးအကျဉ်းသား ၃၆ ဦး ပါဝင်သည်ဟု စာရင်းတွင်ပါရှိပါသည်။

သျှမ်းသံတော်ဆင့်၊ ဟွမ်ဟိန်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese/
သမ္မတသစ်၏ မြန်မာ့နှစ်သစ် လွတ်ငြိမ်းချမ်းသာခွင့်တွင် သျှမ်းတပ်မှူးကြီးနှစ်ဦးပါဝင် သမ္မတသစ်၏ မြန်မာ့နှစ်သစ် လွတ်ငြိမ်းချမ်းသာခွင့်တွင် သျှမ်းတပ်မှူးကြီးနှစ်ဦးပါဝင် Reviewed by THITHTOOLWIN on 21:50 Rating: 5
Powered by Blogger.