နိုင်ငံသားတစ်ယောက်ချင်းစီမှာ တာဝန်သိစိတ် ပြည့်ဝစေချင်ကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ် ပြော

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မြောင်းမြမြို့မှာ ၂၀၁၈ ခုနှစ် ဧပြီလ ၁၀ ရက်နေ့ကပြုလုပ်တဲ့ ငြိမ်းချမ်းရေးစကားဝိုင်းမှာ တွေ့ရစဉ်/Photo: Myanmar State Counsellor Office Facebook
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံသားတစ်ယောက်ချင်းစီမှာ တာဝန်သိစိတ် နဲ့ ပြည့်ဝစေချင်တယ်လို့ ဒီနေ့ ပြောကြားခဲ့ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့က အ.ထ.က ၁ ခန်းမမှာကျင်းပတဲ့ ဒေသခံပြည်သူ ၈ ဦးနဲ့ ငြိမ်းချမ်းရေး စကားဝိုင်းမှာ အွန်လိုင်းကနေ မေးမြန်းတဲ့ မေးခွန်း ၃ခုထဲက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆန္ဒနဲ့ပတ်သက်ပြီး သိလိုကြောင်း မေးခွန်းကို ဖြေကြားခဲ့တာဖြစ်ပါတယ်။

စကားဝိုင်းမှာ ပရဟိတလုပ်ဆောင်နေသူတစ်ဦး၊ ပညာရေးဝန်ထမ်းတစ်ဦး၊ စွန့်ဦးတီထွင်လုပ်ငန်း၊ ခရီးသွား ဟိုတယ်လုပ်ငန်းနဲ့ စိုက်ပျိုးရေး မွေးမြူရေးကဏ္ဍတွေက လုပ်ငန်းရှင်တွေ ပါဝင်ခဲ့ပါတယ်။

တစ်နာရီခွဲနီးပါးကြာတဲ့ စကားဝိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေး၊ ပညာရေး၊ ဖံွ့ဖြိုးတိုးတက်ရေးနဲ့ တစ်ဦးနဲ့ တစ်ဦး အပြန်အလှန်ယုံကြည်မှုရှိရေး တို့ကို ပြောကြားခဲ့သလို အခုချိန်ထိ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး မရသေးတဲ့အပေါ် စကားဝိုင်းမှာ ပါဝင်သူတွေကို မေးခွန်းထုတ်တာတွေ ရှိခဲ့ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်း စုကြည်ဟာ စကားဝိုင်းမှာ ပါဝင်သူတွေ တင်ပြတဲ့ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းတဲ့အခြေအနေတွေနဲ့ စာသင်ကျောင်းတွေ ဆောက်လုပ်မှု မပြီးစီးနိုင်သေးတဲ့ အခြေအနေတွေကို သက်ဆိုင်ရာဝန်ကြီးဌာန တာဝန်ရှိ သူတွေကို ခေါ်ယူပြီး ရှင်းလင်းဖြေကြားစေခဲ့ပါတယ်။ အွန်လိုင်းမေးခွန်းတွေထဲမှာ NCA မှာ ပါဝင်လက်မှတ် မရေးထိုးနိုင်သေးတဲ့ လက်နက်ကိုင်အဖွဲ့တွေ ကျန်နေသေးတာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဒေါ်အောင်ဆန်း စုကြည်က တယောက်နဲ့တယောက် ယုံကြည်မှုမရှိတာကြောင့် NCA မှာ ပါဝင်လက်မှတ်မထိုးကြတာဖြစ်ကြောင်း ဒါကြောင့် အရင်ဆုံးကိုယ့်ကိုကိုယ် ယုံကြည်မှုရှိဖို့ လိုအပ်ကြောင်း ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ဧပြီလ ၁ရက်နေ့က ကျိုးကျခဲ့တဲ့ မြောင်းမြ ကြိုးတံတားအခြေအနေတွေကို ကြည့်ရှုဖို့နဲ့ အရင်က လက်နက်ကိုင်ပဋိပက္ခတွေရှိခဲ့တဲ့ မြောင်းမြမြို့မှာ ငြိမ်းချမ်းရေးရဲ့ အရေးပါပုံ၊ ငြိမ်းချမ်းရေး ရအောင် ဘယ်လိုလုပ်ဆောင်မလဲ ဘယ်လိုပါဝင်ကူညီနိုင်မလဲဆိုတာတွေကို မြောင်းမြမြို့သူ မြို့သားတွေ နဲ့ ဆွေးနွေးချင်တဲ့အတွက် ငြိမ်းချမ်းရေးစကားဝိုင်းကျင်းပဖို့ မြောင်းမြမြို့ကို ရွေးချယ်တာလို့ ပြောကြားခဲ့ပါတယ်။

လူဦးရေ ၃သိန်းကျော်ရှိတဲ့ မြောင်းမြမြို့မှာ အများဆုံးက မြန်မာလူမျိုးဖြစ်ပြီး ဒုတိယအများဆုံးက ကရင်တိုင်းရင်းသားတွေ ဖြစ်ပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ စကားဝိုင်းမစတင်ခင်မှာ မိခင်ဖြစ်သူ ဒေါ်ခင်ကြည် နိုင်ငံတကာသံတမန်တာဝန် ထမ်းဆောင်စဉ်က ဗောဓိပင် လှူဒါန်းခဲ့တဲ့ မြောင်းမြမြို့က ဇေယျမေဒနီစာသင်တိုက်ကို သွားရောက်ခဲ့ပြီး စကားဝိုင်းပြီးတဲ့နောက်မှာ မြောင်းမြကြိုးတံတားကို သွားရောက်ကြည့်ရှုကာ တံတားအင်ဂျင်နီယာအဖွဲ့ နဲ့ တွေ့ဆုံခဲ့ပါတယ်။

RFA Burmese
https://www.rfa.org/burmese
နိုင်ငံသားတစ်ယောက်ချင်းစီမှာ တာဝန်သိစိတ် ပြည့်ဝစေချင်ကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ် ပြော နိုင်ငံသားတစ်ယောက်ချင်းစီမှာ တာဝန်သိစိတ် ပြည့်ဝစေချင်ကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ် ပြော Reviewed by THITHTOOLWIN on 17:49 Rating: 5
Powered by Blogger.