စီအိုင်အေ ညွှန်မှူး မြောက်ကိုရီးယားသွား

 စီအိုင်အေ ညွှန်ကြားရေးမှူး မိုက် ပွန်ပီယို
စီအိုင်အေ ညွှန်ကြားရေးမှူး မိုက် ပွန်ပီယိုဟာ မြောက်ကိုရီးယားကို ကင်ဂျုံအွန်းနဲ့ လျှို့ဝှက် တွေ့ဆုံဖို့ သွားခဲ့တယ်လို့ အမေရိကန် သတင်းဌာနတွေက ဖော်ပြပါတယ်။

အမေရိကန် သမ္မတ ထရမ့်နဲ့ ကင်ဂျုံအွန်းတို့ တိုက်ရိုက် တွေ့ဆုံပွဲတွေ မလုပ်ခင် အကြို ပြင်ဆင်ဖို့သွားတာလို့လည်း အမည် မဖော်တဲ့ အစိုးရပိုင်းက သိရပါတယ်။

ဒါဟာ ၂ဝဝဝ ပြည့်နှစ် နောက်ပိုင်း အဆင့်မြင့် အမေရိကန် အရာရှိ တယောက် မြောက်ကိုရီးယားကို သွားတာ ဖြစ်ပါတယ်။
 ထရမ့်နဲ့ အာဘေး တွေ့ဆုံ
မြောက်ကိုရီးယားနဲ့ အဆင့်မြင့် တွေ့ဆုံညှိနှိုင်းတာတွေ ရှိတယ်လို့လည်း မစ္စတာ ထရမ့်က ဂျပန် ဝန်ကြီးချုပ် အာဘေးနဲ့ ဖလော်ရီဒါမှာ တွေ့နေတုန်း ပြောကြား လိုက်ပါတယ်။

တောင်နဲ့ မြောက် နှစ်ပြည်ထောင်ကြား ငြိမ်းချမ်းရေး စာချုပ် တရားဝင် ချုပ်နိုင်ဖို့လည်း သူက တိုက်တွန်းကြောင်း ထရမ့်က ဆိုပါတယ်။

၁၉၅၃ ကိုရီးယား စစ်ပြီးနောက်ပိုင်း ခုချိန်ထိ တရားဝင် စစ်ပြေငြိမ်းရေး မရသေးတာ ဖြစ်ပါတယ်။

တောင်ကိုရီးယား ဘက်ကလည်း ပဋိပက္ခ တရားဝင် ဖြေရှင်းရေးရဖို့ ကြိုးပမ်းမယ်လို့ အချက်ပြပါတယ်။

တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းနဲ့ ကင်ဂျုံအွန်းတို့ နောက်တပတ် တွေ့ကြဖို့ ရှိပါတယ်။

နှစ်ဘက်စလုံးက ဒီ ထိပ်သီးတွေ့ဆုံပွဲ တိုက်ရိုက် လွှင့်ဖို့ သဘောတူခဲ့တယ်လို့ သိရပါတယ်။
ကင်ဂျုံအီးနဲ့ ဘီလ်ကလင်တန်တို့ ပြုံယမ်းမှာ တွေ့ခဲ့စဉ်က
မစ္စတာ ပွန်ပီယို မြောက်ကိုရီးယား သွားပြီး ကင်ဂျုံအွန်းနဲ့တွေ့တာကို ဝါရှင်တန် ပို့စ် သတင်းစာက စတင် ဖော်ပြခဲ့ပါတယ်။

သူ့ကို မစ္စတာ ထရမ့်က ရက်စ် တီလာဆန်ရဲ့ နိုင်ငံခြားရေး ဝန်ကြီး နေရာ အစားထိုးဖို့ နာမည် စာရင်းသွင်းပြီးနောက်မှာ ဒီလို မြောက်ကိုရီးယားကို သွားခဲ့တာလို့ ခရီးအကြောင်း သိတဲ့ သတင်းရင်းမြစ် နှစ်ခုက ဝါရှင်တန် ပို့စ်ကို ပြောပါတယ်။

ရိုက်တာ ကလည်း အဆင့်မြင့် အရာရှိတွေရဲ့ အတည်ပြုချက် ရတယ်လို့ပြောပါတယ်။ အိမ်ဖြူတော်ကတော့ ခုထိ မှတ်ချက်မပေးပါဘူး။

BBC Burmese
http://www.bbc.com/burmese
စီအိုင်အေ ညွှန်မှူး မြောက်ကိုရီးယားသွား စီအိုင်အေ ညွှန်မှူး မြောက်ကိုရီးယားသွား Reviewed by THITHTOOLWIN on 19:11 Rating: 5
Powered by Blogger.