စစ်လေယာဉ်ပျက်ကျလို့ လူ ၂၅၇ ယောက် သေဆုံး

 လေတပ်စခန်းက ပျံတက်အပြီး မကြာခင် ပျက်ကျ
အလ်ဂျီးရီးယားနိုင်ငံမှာ၊ စစ်တပ်သုံး လေယာဉ်ပျံ တစ်စင်း၊ မြို့တော် အယ်လ်ဂျီးရားစ် အနီးမှာ ပျက်ကျ ခဲ့လို့ လိုက်ပါလာကြတဲ့ လူပေါင်း ၂၅၇ ယောက် သေဆုံး သွားပါတယ်။

အယ်လ်ဂျီးရားစ်ရဲ့ အနောက်ဘက် မှာ ရှိတဲ့ ဘူဖာရိခ် ဆိုတဲ့ လေတပ်စခန်းကနေ ပျံတက်အပြီး မကြာခင်မှာပဲ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။

ဘာ့ကြောင့် ပျက်ကျ ခဲ့ရသလဲ ဆိုတဲ့ အကြောင်းအရင်းကိုတော့ စုံစမ်း နေကြဆဲ ဖြစ်ပါတယ်။

ဒီ ဖြစ်ရပ်ဟာ အယ်လ်ဂျီးရီးယား နိုင်ငံရဲ့ လေကြောင်း သမိုင်းမှာ အဆိုးရွားဆုံး ကြုံတွေ့ ခဲ့ရတာပါ။

အခုဆိုရင် တနိုင်ငံလုံး ဝမ်းနည်း ပူဆွေးဖွယ် ၃ ရက် အဖြစ် အစိုးရက ကြေညာ ထားပါတယ်။

လေယာဉ်ပေါ် လိုက်ပါ သွားခဲ့ကြသူတွေထဲ ဆာဟာရ အနောက်ပိုင်း ဒေသ၊ ၁၉၇၅ ခုနှစ်မှာ စပိန်တွေ ရုပ်သိမ်းသွား အပြီး၊ မော်ရိုကိုက သူတို့ ပိုင်နက်ထဲ ဆွဲထည့်ခဲ့လို့ အငြင်းပွား နေတဲ့ ဒေသက သူတွေလည်း ပါဝင် နေပါတယ်။

အဲဒီ ဒေသ လွတ်လပ်ရေး ရအောင် လုပ်ဆောင်နေတဲ့ ပိုလီဆာရီယို တပ်ဦး အဖွဲ့ရဲ့ ထုတ်ပြန်ချက် အရ လေယာဉ်ပျက်လို့ သေဆုံး ခဲ့ကြရသူတွေထဲ အမျိုးသမီးတွေ ၊ ကလေးတွေ အပါအဝင် သူတို့အရပ်က အယောက် ၃ဝ ပါဝင် နေတယ်လို့ ဆိုပါတယ်။
လူပေါင်း ၂၅၇ ယောက် သေဆုံး
ကျန် သေဆုံးသူ အများစု ကတော့ အယ်လ်ဂျီးရီးယား စစ်မှုထမ်းတွေနဲ့ တပ်မိသားစုဝင်တွေ ဖြစ်ပါတယ်။

လေယာဉ်ပျက်ကျတာကို ကိုယ်တွေ့ မြင်လိုက်ရသူ တစ်ဦး ဖြစ်တဲ့ ဘရာဟီးမ် ဆိုသူ ပြောတာက "ပျက်ကျတာ မြင်လိုက်ပြီး အဲဒီနေရာကို ကျနော်တို့ ပြေးသွားကြပါတယ်။ မြေကြီးပေါ် လေယာဉ်က ထက်ပိုင်း ပြတ်နေပါတယ်။ လူသေလောင်းတွေလည်း ပြန့်ကြဲ နေပါတယ်။ တော်တော်ဆိုးဆိုးရွားရွား မီးလောင်ခံထား ရတာပါ" ဆိုပြီး ပြောသွားတာပါ။

စက်ချို့ယွင်းလို့လား၊ လေယာဉ်မှူး အမှားကြောင့်လား၊ အမှောင့် ပယောဂ တစုံတရာ ရှိလို့လား ဆိုတာ အဖြေ ထက်စာရင် မေးခွန်းတွေ ပိုများ နေရဆဲ အချိန် ဖြစ်တယ်လို့ မြောက်အာဖရိက ဒေသ ဆိုင်ရာ ဘီဘီစီ သတင်းထောက် ရာနာ ဂျာဝပ်ဒ်က ဆိုပါတယ်။
အကြောင်းအရင်းကို စုံစမ်းနေဆဲ
မျက်မြင်တွေ ပြောဆိုချက် အရ၊ လေယာဉ် ပျံတက်စမှာပဲ တောင်ပံတစ်ဘက် မီးစွဲ လောင်ပြီး၊ ပျက်ကျ ခဲ့တာပါ။

အောက်က အဝေးပြေး ကားလမ်းမပေါ် ထိုးမဆင်းပဲ ဘေးက ကွင်းပြင်ထဲ ပျက်ကျ သွားတာ ဖြစ်ပါတယ်။

အသက်ရှင်သန်သူ တချို့ကို ဆေးရုံကို ခေါ်သွားကြတယ်လို့ ဆိုပေမယ့်၊ ဘယ်နှစ်ယောက်လဲ၊ သူတို့ အခြေအနေက ဘယ်လိုလဲ ဆိုတာတွေကို မသိရ သေးပါဘူး။

၂ဝ၁၄ တုန်းက မလေးရှား လေကြောင်းလိုင်းက MH17 လေယာဉ်၊ ယူကရိန်း အရှေ့ဘက် နယ်ထဲ ပစ်ချ ခံရလို့ လိုက်ပါသွားသူ ၂၉၈ ယောက် သေဆုံးခဲ့ရတဲ့ နောက်ပိုင်း အခု ဖြစ်ရပ်ဟာ အဆိုးရွားဆုံး ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
စစ်လေယာဉ်ပျက်ကျလို့ လူ ၂၅၇ ယောက် သေဆုံး စစ်လေယာဉ်ပျက်ကျလို့ လူ ၂၅၇ ယောက် သေဆုံး Reviewed by THITHTOOLWIN on 07:37 Rating: 5
Powered by Blogger.