တောင်ပြိုလက်ဝဲကို ဝင်လာသူတွေဟာ ဒုက္ခသည် အစစ်မဟုတ်ဘူးလို့ ဝေဖန်နေ

 တောင်ပြိုလက်ယာ အုပ်ချုပ်ရေးမှူးလို့ ထောက်ပြ ပြောဆို
တောင်ပြိုလက်ဝဲ စခန်းကို ဧပြီ ၁၄ ရက်နေ့က လူ ၅ ဦး ပြန်လည် ဝင်ရောက် လာတဲ့ ဖြစ်ရပ် အပေါ် ဒုက္ခသည် ပြန်လည် လွှဲပြောင်းရေး အစီအစဉ် စတင် လာတဲ့ အနေနဲ့ သဘောထားလို့ မရဘူး ဆိုပြီး ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောလာပါတယ်။

အဲဒီ ၅ ယောက်ဟာ ဘင်္ဂလားဒေ့ရှ် ပိုင်နက်ထဲ ဘယ်တုန်းကမှ ရောက်ရှိ ခဲ့သူတွေ မဟုတ်ဘူး ဆိုပြီး ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေး ဝန်ကြီး အာဆတ်ဒူဇာမန်က ပြောဆို ပါတယ်။

အဲဒီ လူ ၅ ယောက်ဟာ မြန်မာဘက်ကနေ နယ်စပ်ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်ထဲ ဝင်ရောက် ခဲ့ခြင်း မရှိ ခဲ့ဘူးလို့ ဒုက္ခသည် ကူညီရေးနဲ့ လွှဲပြောင်းရေး ဆိုင်ရာ ဘင်္ဂလားဒေ့ရှ် ကော်မရှင်နာ မင်းကြီး အဘူကာလမ်ကလည်း ပြောပါတယ်။
နှစ်နိုင်ငံ နယ်စပ်မျဉ်းအနီး လူ ထောင်ချီ ဆက်လက် ရှိနေ
မြန်မာ အစိုးရကတော့ အဲဒီ ၅ ယောက်ဟာ နှစ်နိုင်ငံ နယ်စပ်မျဉ်း အနီး ဆက်လက် သောင်တင် နေဆဲ ထောင်နဲ့ချီတဲ့ သူတွေထဲကနေ မြန်မာနိုင်ငံဘက် ပြန်လည် ဝင်ရောက် လာသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်ထဲက တိုက်ခိုက်မှုတွေ နောက်ပိုင်း တစ်ဘက် နိုင်ငံကို ထွက် ပြေးသွားပြီး၊ အခုလို ပြန်လည် ဝင်ရောက်လာတာ ဖြစ်လို့ ဒုက္ခသည် လက်ခံရေး အစီအစဉ်ရဲ့ အစိတ်အပိုင်း အဖြစ် သဘောထားရမှာ ဖြစ်တယ်လို့ မြန်မာ လူဝင်မှု ကြီးကြပ်ရေး ထိပ်တန်း အရာရှိတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဇနီးမောင်နှံ၊ သားနဲ့သမီးနဲ့ အတူ အမျိုးသမီး တစ်ယောက်လည်း ပါဝင်တဲ့ ၅ ဦးဟာ နှစ်နိုင်ငံ နယ်စပ်မျဉ်း အနီး ရှိနေကြသူတွေထဲက သူတွေ ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေး အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင်က ဘီဘီစီကို ထပ်လောင်း အတည်ပြုပါတယ်။
ဒုက္ခသည် အစစ် မဟုတ်ဘူးလို့ ဘင်္ဂလားဒေ့ရှ်ဘက်က ပြောနေ
ပြန်ဝင်လာသူထဲက အိမ်ထောင်ဦးစီး ဖြစ်သူဟာ တောင်ပြိုလက်ယာ အရပ်က အုပ်ချုပ်ရေးမှူး ဖြစ်တယ်ဆိုပြီး ထွက်ပေါ် နေတဲ့ သတင်းတွေ အပေါ်မှာတော့ ဦးမြင့်ကြိုင်က အတည်ပြုတာ ကန့်ကွက်တာမျိုး မလုပ်ပဲ၊ ပြန်လည် စိစစ် လက်ခံခဲ့တာဟာ တောင်ပြိုလက်ယာ အုပ်ချုပ်ရေးမှူး ဟောင်း ဖြစ်ခြင်း မဖြစ်ခြင်းနဲ့ မသက်ဆိုင်ဘူးလို့ ဆိုပါတယ်။

ဝင်ရောက် လာသူတွေဟာ မြန်မာ နိုင်ငံထဲ နေထိုင် ခဲ့သူတွေ ဖြစ်ကြောင်း အထောက်အထားတွေ ပြနိုင်ခဲ့သူတွေ ဖြစ်တယ်လို့လည်း ဦးမြင့်ကြိုင်က ဆိုပါတယ်။

ပြန်ဝင် လာသူတွေဟာ သပ်သပ်ရပ်ရပ် ဝတ်စားထားပြီး၊ အစားအသောက် အနေအထိုင် ပင်ပန်း ဆင်ရဲခဲ့ပုံ မပေါ်တဲ့ အချက်အလက်တွေကို ထောက်ပြပြီး တကယ် ဒုက္ခသည်တွေ ဟုတ်ရဲ့လား ဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ် နေတာ ဖြစ်ပါတယ်။

အကြမ်းဖက် အဖွဲ့ဝင်တွေလည်း ရှိနေတယ် ဆိုတဲ့ သတင်းထွက်နေတဲ့ နယ်စပ်မျဉ်း အနီး နေထိုင်နေသူတွေကနေ အဲဒီ ၅ ယောက် လုံလုံခြုံခြုံ ဘေးရန်ကင်းကင်း ထွက်လာနိုင်အောင် မြန်မာ အာဏာပိုင်တွေဘက်က လမ်းကြောင်းတွေ ဖန်တီး ပေးခဲ့ရတယ်လို့ ဦးမြင့်ကြိုင်က ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
တောင်ပြိုလက်ဝဲကို ဝင်လာသူတွေဟာ ဒုက္ခသည် အစစ်မဟုတ်ဘူးလို့ ဝေဖန်နေ တောင်ပြိုလက်ဝဲကို ဝင်လာသူတွေဟာ ဒုက္ခသည် အစစ်မဟုတ်ဘူးလို့ ဝေဖန်နေ Reviewed by THITHTOOLWIN on 23:10 Rating: 5
Powered by Blogger.