ရိုက်တာ သတင်းထောက်တွေ အမှု စုံစမ်းရေး ကော်မရှင်ဖွဲ့ စစ်ဆေးပေးဖို့ တောင်းဆို

အဖမ်းခံထားရတာ လေးလကျော်လာပြီ ဖြစ်တဲ့ ရိုက်တာ သတင်းထောက်တွေထဲက ကိုဝလုံး
အဖမ်းခံထားရတဲ့ ရိုက်တာသတင်းထောက် ၂ ယောက် နဲ့ ရဲဝန်ထမ်းတွေ ပြန်လွှတ်ပေးပြီး အမှုကို လွတ်လပ်တဲ့ စုံစမ်းရေး ကော်မရှင်ဖွဲ့ စစ်ဆေးပေးဖို့ ပြည်တွင်း အရပ်ဖက်အဖွဲ့အစည်း ၁၆၃ ဖွဲ့က တောင်းဆိုလိုက်ပါတယ်။

ရိုက်တာသတင်းထောက် ၂ ယောက်ကို ထောင်ချောက်ဆင်ဖမ်းခဲ့တာလို့ ဒုရဲမှူး မိုးရန်နိုင်က တရားရုံးမှာ ထွက်ချက်ပေးခဲ့ပြီးနောက် ဒီအမှုမှာ လစ်ဟာချက်တွေ ရှိနေတယ်ဆိုပြီးတော့ ပြည်တွင်းအရပ်ဖက်အဖွဲ့တွေက တောင်းဆိုကြတာဖြစ်ပါတယ်။

ဒီလို ကမ္ဘာသိ ဖြစ်ရပ်မှာတောင် ထောင်ချောက်ဆင် ဖမ်းဆီးမှု တကယ် ရှိခဲ့ရင် တခြား ပြည်သူတွေ နဲ့ တက်ကြွ လှုပ်ရှားသူတွေကိုကော ဒါမျိုး လုပ်ခံရတာမျိုး ရှိလာနိုင်မလား ဆိုတဲ့ စိတ်ခံစားချက် ပေါ်လာပြီး မလုံခြုံ ဖြစ်မိတယ်လို့ အရပ်ဖက်အဖွဲ့တွေထဲမှာပါတဲ့ Generation Wave အဖွဲ့ရဲ့ ဥက္ကဋ္ဌ ကိုမိုးသွေးက ပြောပါတယ်။

ဒါ့အပြင် လူတိုင်းကို မူးယစ်ဆေးနဲ့ ထောင်ဖမ်းမလား ၊ တခြား နည်းတခုခု နဲ့ ထောင်ဖမ်းမလား ၊ နည်းမျိုးစုံနဲ့ ဖမ်းခံရနိုင်ပါလား ဆိုတဲ့ အကြီးအကျယ် စိန်ခေါ်မှုတွေ ဖြစ်စေတယ်လို့ သူက ဆိုပါတယ်။

ဒါကြောင့် ဒီလို ထောင်ချောက်ဆင် ဖမ်းတယ် ဆိုတဲ့ ကိစ္စကို တကယ်ဟုတ်မဟုတ် သိချင်တဲ့ အတွက် သီးခြား လွတ်လပ်တဲ့ စုံစမ်းရေး ကော်မရှင်ဖွဲ့ စစ်ဆေး စေချင်ပြီး ဟုတ်ခဲ့ရင် ပြင်းပြင်းထန်ထန် အရေးယူဖို့ လိုတယ်လို့ မြင်ကြောင်း ကိုမိုးသွေးက ပြောပါတယ်။

ဒီအမှုဟာ လက်ရှိ အခြေအနေမှာ လေးလေးနက်နက်နဲ့ အနီးကပ် စောင့်ကြည့်ရမယ့် အနေအထား ဖြစ်နေပြီး တိုင်းပြည်မှာ ဖြစ်ချင်တိုင်းဖြစ် ၊ လုပ်ချင်တိုင်း လုပ်လို့ ရတဲ့ဟာမျိုး မဟုတ်ဘူး ဆိုတာ ပြသဖို့ တရားဥပဒေ ရေးရာ အရ တောင်းဆိုရတာပါလို့ သူက ဆိုပါတယ်။

လက်ရှိ သမ္မတသစ် ဖြစ်တဲ့ ဦးဝင်းမြင့် ရဲ့ နှစ်သစ် မိန့်ခွန်းမှာ တရားရေး ကဏ္ဍနဲ့ ပတ်သက်လို့ အသားပေး ဖော်ပြထားတဲ့ အတွက် သူ့လက်ထက်မှာ နဂိုထက် ပိုပြီး ဒီကဏ္ဍမှာ ပိုကြိုးစားလာမလားလို့ မျှော်လင့်မိတယ်လို့ Generation Wave အဖွဲ့ရဲ့ ဥက္ကဋ္ဌ က ပြောပါတယ်။

ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ရခိုင်ပြည်နယ် မြောက်ပိုင်းက မောင်တောဒေသတွင်း အကြမ်းဖက်မှုတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာ စာရွက်စာတမ်းတွေ လက်ဝယ်တွေ့လို့ဆိုပြီး နိုင်ငံတော် လျှို့ဝှက် အက်ဥပဒေနဲ့ ဖမ်းဆီးပြီး မြောက်ပိုင်းခရိုင်တရားရုံးမှာ ရုံးတင် စစ်ဆေးနေတာ ရုံးချိန်း ၁၅ကြိမ်ကျော်လာခဲ့ပါပြီ။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ကတည်းက သတင်းထောက် ၂ ယောက်နဲ့ တွေ့ခဲ့တယ်ဆိုပြီး ဖမ်းထားတဲ့ ဒုရဲမှူးမိုးရန်နိုင်ကိုလည်း ရဲဖက်ဆိုင်ရာ တရားရုံးမှာ စစ်ဆေးမှုတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။

အဖမ်းခံထားရတဲ့ ရိုက်တာသတင်းထောက် ၂ ယောက် နဲ့ ဒုရဲမှူး မိုးရန်နိုင်နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က သူတို့ကို အကျဉ်းထောင်တွင်း ကျန်းမာရေးစောင့်ရှောက်ခွင့်ပေးဖို့ နှိပ်စက်ညှင်းပန်းမခံရဖို့ မိသားစုနဲ့ တွေ့ခွင့်ဖို့ပေးဖို့ စတဲ့ အခြေခံလူ့အခွင့်အရေးတွေပေးဖို့ ဆိုတာကို ပြည်ထဲရေးဝန်ကြီးဌာနကို စာပို့ တောင်းဆိုထားပါတယ်။

အခုတောင်းဆိုကြတဲ့ အရပ်ဖက်အဖွဲ့တွေထဲမှာတော့ Generation Wave အပြင် အမျိုးသမီးအဖွဲ့တွေ လူငယ်ကွန်ရက်အဖွဲ့တွေ စတဲ့ အဖွဲ့အစည်း ၁၆၄ ခုက စုပေါင်းတောင်းဆိုကြတာဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
ရိုက်တာ သတင်းထောက်တွေ အမှု စုံစမ်းရေး ကော်မရှင်ဖွဲ့ စစ်ဆေးပေးဖို့ တောင်းဆို ရိုက်တာ သတင်းထောက်တွေ အမှု စုံစမ်းရေး ကော်မရှင်ဖွဲ့ စစ်ဆေးပေးဖို့ တောင်းဆို Reviewed by THITHTOOLWIN on 07:50 Rating: 5
Powered by Blogger.