ရာနဲ့ချီတဲ့ ကချင်လူငယ်တွေ ပထမဆုံးအကြိမ် သပိတ်စခန်းဖွင့် တောင်းဆိုမယ်

 ထောင်နဲ့ချီတဲ့လူတွေ မြစ်ကြီးနားမြို့ပေါ်မှာ ချီတက်လမ်းလျှောက်ပြီး ဆန္ဒထုတ်ဖော်
ကချင်ပြည်နယ်မှာ မြန်မာ့တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့အကြား ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကြောင့် အောင်လော့ဒ်၊ အင်ဂျန်းယန်နဲ့ လိုင်းနားခူရွာက ဒေသခံ ၂၀၀၀ကျော် ပိတ်မိနေတာ ရက် ၂၀ ကျော်သွားပြီ ဖြစ်ပါတယ်။

အစာရေဆာပြတ်လပ်နေတာကြာမြင့်နေပြီဖြစ်တဲ့ဒေသခံတွေ ဘေးကင်းရာကို ပို့ဆောင်ပေးနိုင်ရေးအတွက် ကချင်လူငယ် ၃၀၀ ကျော်ဟာ ဒီကနေ့ (ဧပြီ ၃၀ ရက်) ညနေ လေးနာရီကစပြီး မြစ်ကြီးနားမြို့ပေါ်မှာ သပိတ်စခန်း ဖွင့်လှစ်ပြီး တောင်းဆိုသွားမယ်လို့သိရပါတယ်။

တိုက်ပွဲကြားပိတ်မိနေတဲ့ဒေသခံ၂၀၀၀ကျော်ဘေးကင်းရာကိုလွတ်မြောက်ရေးအတွက် ကချင်ပြည်နယ် ဝန်ကြီးချုပ်ဆီကို စာပေးပို့တောင်းဆိုခဲ့ပေမဲ့လည်း ပြည်နယ်အစိုးရဘက်ကတော့ ဒါဟာအစိုးရဘက်ကပဲ ဆုံးဖြတ်လို့မရဘဲ၊ စစ်တပ်နဲ့လည်း ညှိရမယ်အပိုင်းတွေလည်းရှိတယ်လို့တုန့်ပြန်ခဲ့တယ်လို့ သိရပါတယ်။

' 'ကချင်မှာ တိုက်ပွဲတွေက ပြင်းထန်လာတယ်။ ပိုဆိုးတာက အရင်က တိုက်ပွဲ တွေဖြစ်တယ်ဆိုရင် ပြည်သူတွေကလုံခြုံတဲ့နေရာကိုထွက်လာခွင့်ရှိတယ်။ အခုကဘေးကင်းရာကိုသွားဖို့ ပြည်သူတွေမှာ ရွေးချယ်ခွင့်တောင်မရှိတော့ဘူးဖြစ်နေတာ။ တိုက်ပွဲတွေကြားညှပ်နေတာ ရက် ၂၀ကျော်သွားပြီ။ ရိက္ခာက ပြတ်၊ ရေကအဆင်မပြေနဲ့တော်တော်လေးဒုက္ခရောက်နေကြတာ။

။အဲဒီက လူတွေကို ဘေးကင်းရာ တိမ်းရှောင်နိုင်အောင် လုပ်ပေးဖို့က ကြေညာချက် ထုတ်ရုံနဲ့လည်း မရဘူး။ ရိုးရိုးဆန္ဒပြနေရုံနဲ့လည်း မရဘူး။ ဒါကြောင့် လူငယ်တွေက သပိတ်စခန်းဖွင့်ပြီး အစိုးရကိုတောင်းဆို ဖို့ ဆုံးဖြတ်လိုက်တာပါ။ '' လို့ သပိတ်စခန်းရဲ့ဦးဆောင်ကော်မတီဝင်တဦးဖြစ်တဲ့ မဆွတ်ဆိုင်းထွယ်က ဘီဘီစီကိုပြောပါတယ်။

သပိတ်စခန်းမဖွင့်လှစ်မှီ ဧပြီ ၃၀ ရက်နေ့ မနက်ပိုင်းက လူဦးရေ ၃ထောင်ကျော်ပါဝင်တဲ့ လူအုပ်ကြီးဟာ မနောကွင်းမှာ စုရပ်လုပ်ပြီး မြစ်ကြီးနားမြို့ပေါ်မှာ သတ်မှတ်လမ်းကြောင်းအတိုင်း လမ်းလျှောက်ချီတက်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဆန္ဒထုတ်ဖော်မှုမှာ မြစ်ကြီးနားမြို့က ဒေသခံတွေအပြင် စစ်ရှောင်စခန်းကသူတွေလည်းပါဝင်ပြီး အနီးတဝိုက်မြို့ တွေက လူတွေပါ ပါဝင်တယ်လို့ သိရပါတယ်။

သပိတ်စခန်းဖွင့်ဖို့ကို ခွင့်ပြုချက်တောင်းထားတာ ၂ပတ်ပဲဖြစ်ပေမဲ့ တိုက်ပွဲကြားပိတ်မိနေတဲ့လူတွေ မလွတ်မြောက်မချင်း သပိတ်စခန်းကိုဖွင့်လှစ်တောင်းဆိုသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။

ကချင်ပြည်နယ်မှာ တပ်မတော်နဲ့ ကချင် လွတ်မြောက်ရေး တပ်ဖွဲ့၊ ကေအိုင်အေတို့ရဲ့ တိုက်ပွဲတွေ က ဆက်လက် ပြင်းထန်နေဆဲဖြစ်ပါတယ်။ အင်ဂျန်းယန်နဲ့ မြစ်ကြီးနားမြို့ အနီး အပါအဝင် စုစုပေါင်း မြို့နယ် ၁၈ ခု ထဲက ၁၀ ခုမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတဲ့အတွက် ထွက်ပြေးရတဲ့ စစ်ပြေး ဒုက္ခသည် တွေ ပိုများလာနေပါတယ်။

BBC Burmese
http://www.bbc.com/burmese
ရာနဲ့ချီတဲ့ ကချင်လူငယ်တွေ ပထမဆုံးအကြိမ် သပိတ်စခန်းဖွင့် တောင်းဆိုမယ် ရာနဲ့ချီတဲ့ ကချင်လူငယ်တွေ ပထမဆုံးအကြိမ် သပိတ်စခန်းဖွင့် တောင်းဆိုမယ် Reviewed by THITHTOOLWIN on 15:55 Rating: 5
Powered by Blogger.