မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ အခြေခံ ရည်ညွှန်း စပါးဈေးနှုန်းအတိုင်း ရောင်းဝယ်ရန် ကြေညာချက် ထုတ်ပြန်


နေပြည်တော် ၆ မတ်

မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်၏ အသင်းဝင် ဆန်စက်များ၊ ဆန်စပါး ကုန်သည်များ၊ အကျိုးဆောင်များနှင့် ပုဂ္ဂလိက ကုမ္ပဏီ အဖွဲ့အစည်းများ အနေဖြင့် (အစိုဓာတ် ၁၄ ရာခိုင်နှုန်း) ရှိပြီး အဖျင်းအမှော် ဖုန်၊ သဲ၊ ခဲ စသော အရည်အသွေးဆိုင်ရာ သတ်မှတ် စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် ၄၆ ပေါင်ကိုက် စပါးတင်း ၁၀၀ လျှင် ကျပ်ငွေ (၅) သိန်း ဈေးနှုန်းကို အခြေခံ၍ ၀ယ်ယူပေးရန် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ ယနေ့ ရက်စွဲဖြင့် ထုတ်ပြန် အသိပေးထားသည်။

ဈေးကွက် ပေါက်ဈေးသည် အခြေခံဈေးနှုန်း၏ အပေါ်တွင် ဖြစ်ပေါ်ပါက ဈေးကွက် ပေါက်ဈေးအတိုင်း ၀ယ်ယူရမည်ဖြစ်ပြီး အကယ်၍ ဈေးကွက် ပေါက်ဈေးသည် အခြေခံဈေးနှုန်း အောက်တွင် ကျဆင်းဖြစ်ပေါ်ပါက အခြေခံ ဈေးအတိုင်း ၀ယ်ယူရမည် ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အပြင် ပေါ်ဆန်း အထူးဧည့်မထ အုပ်စုစသော အချို့သော အဆင့်မြင့် စပါးအုပ်စုတို့သည် တင်း ၁၀၀ လျှင် ၇ သိန်း၊ ၈ သိန်းမှ ၁၀ သိန်းကျော်အထိ ဈေးကောင်း ရရှိနေပြီဖြစ်၍ အဆိုပါ စပါးများကို ဈေးကွက်ပေါက် ဈေးအတိုင်းသာ ရောင်းဝယ်ရန် ဖြစ်သည်။

သို့ရာတွင် လုပ်ကွက်ငယ် တောင်သူ လယ်သမားများ အပါအ၀င် တောင်သူ လယ်သမား အများစု စိုက်ပျိုးသော သာမန်စပါး အမျိုးအစားများသည် စပါးပေါ်ချိန်တွင် ဈေးနှုန်းကျဆင်းလေ့ ရှိသောကြောင့် အဆိုပါ လုပ်ကွက်ငယ် တောင်သူလယ်သမား အများစု၏ အကျိုးစီးပွားကို ဦးစားပေးသောအားဖြင့် ၎င်းတို့စိုက်ပျိုးသော စပါးများအတွက် အခြေခံ ဈေးနှုန်းအဖြစ် သတ်မှတ်ထုတ်ပြန် ပေးခြင်းဖြစ်ကြောင်း သိရသည်။

ယခုသတ်မှတ်သော အခြေခံ ဈေးနှုန်းသည် ၂၀၁၈ ခုနှစ် နွေစပါးပေါ်ချိန်နှင့် ၂၀၁၈ခုနှစ် မိုးစပါး ပေါ်ချိန်တို့အတွက် အဓိက ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။

အခြေခံ စပါးဈေးနှုန်း သတ်မှတ်ခြင်းကိုလည်း တောင်သူလယ်သမားများ၏ ထုတ်လုပ်မှု ကုန်ကျစရိတ်၊ အကျိုးအမြတ်၊ ပြည်တွင်း ဈေးကွက်ဈေးနှုန်းများ၊ နိုင်ငံတကာ ဈေးနှုန်းများစသော အခြေအနေများကို မျက်ခြေမပြတ် လေ့လာသုံးသပ်ပြီး သက်ဆိုင်ရာ စိုက်ပျိုး ထုတ်လုပ်မှု ရာသီအတွက် ဖြစ်သင့်သော အခြေခံ ဈေးနှုန်းကို ရာသီအလိုက် ထုတ်ပြန်ပေးသွားမည် ဖြစ်ပါကြောင်းနှင့် အခြေခံ ဈေးနှုန်းဖြင့် ရောင်းချရန် အခက်အခဲရှိသော တောင်သူ လယ်သမားများ အနေဖြင့် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်၏ မြို့နယ် ကိုယ်စားလှယ် များထံဖြစ်စေ၊ အသင်းချုပ် ရုံးချုပ်သို့ဖြစ်စေ ဆက်သွယ်နိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ ထုတ်ပြန်ကြေညာထားသည်။

Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ အခြေခံ ရည်ညွှန်း စပါးဈေးနှုန်းအတိုင်း ရောင်းဝယ်ရန် ကြေညာချက် ထုတ်ပြန် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ အခြေခံ ရည်ညွှန်း စပါးဈေးနှုန်းအတိုင်း ရောင်းဝယ်ရန် ကြေညာချက် ထုတ်ပြန် Reviewed by THITHTOOLWIN on 16:45 Rating: 5
Powered by Blogger.