ကမန် ကျောင်းသား၊ ကျောင်းသူတွေကို ခွဲခြားဆက်ဆံမှုမရှိအောင် အဖွဲ့တစ်ဖွဲ့ စေလွှတ်စောင့်ကြည့်

သံတွဲမြို့နယ်ကနေ မတ်လအတွင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုရမယ့် ကျောင်းသူ၊ ကျောင်းသားတွေရဲ့ ခုံနံပါတ်နဲ့ အမည်စာရင်းကို တွေ့ရစဉ်/ Photo - Yamin Shwesin - facebook
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုကြတဲ့ ကမန် ကျောင်းသူ၊ ကျောင်းသား ၁၅၀ ကို ခွဲခြားဆက်ဆံမှုမရှိအောင် နေပြည်တော် စာစစ်ဌာနက အဖွဲ့တစ်ဖွဲ့စေလွှတ်ပြီး စောင့်ကြည့်ပေးနေတယ်လို့ ကမန် တိုင်းရင်းသား လူမှုကွန်ရက် ဥက္ကဌ ဦးထွန်းငွေက ဒီနေ့ ပြောပါတယ်။

အရင်က သီးခြားဖြေဆိုခိုင်းမယ်ဆိုတဲ့ သတင်းတွေထွက်ခဲ့ပေမယ့် အခုမှာတော့ တခြားကျောင်းသူ ကျောင်းသားတွေ နဲ့ ရောနှောဖြေဆိုခွင့်ပေးခဲ့ပြီး စောင့်ကြည့်ပေးနေတယ်လို့ ကမန် တိုင်းရင်းသား လူမှုကွန်ရက် ဥက္ကဌ ဦးထွန်းငွေက ပြောပါတယ်။

"စာမေးပွဲက အတူရောနှောပြီး ဖြေရပါတယ်။ ဘင်္ဂလီဆိုတဲ့ဟာလည်း ဖြုတ်လိုက်တယ်ပေါ့နော် သူတို့၊ နောက် နေပြည်တော်က စာမေးပွဲကို ကြီးကြပ်ဖို့ လေ့လာဖို့ဆိုပြီးတော့လည်း ပညာရေးဌာနက အဖွဲ့တစ်ဖွဲ့ လွှတ်လိုက် တယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။ သူတို့ စောင့်ကြည့်လေ့လာနေတယ်လို့ ပြောပါတယ်။ အဖြေလွှာတွေလည်း အတူတူပဲ သိမ်းထားပါတယ်။ အတူတူပဲ တစ်အုပ်စုတည်းပဲ စည်းပါတယ်လို့ ပြောပါတယ်"

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းက သံတွဲမြို့နယ်ကနေ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုမယ့် ကျောင်းသူ၊ ကျောင်းသားတွေရဲ့ ခုံနံပါတ်နဲ့ အမည်စာရင်းတွေ ထုတ်ပြန်ခဲ့ရာမှာ ကမန်တိုင်းရင်း သားတွေကို ဘင်္ဂါလီလူမျိုးလို့ဖော်ပြပြီး သီးသန့်ခွဲခြားဖြေဆိုဖို့ စီစဉ်ခဲ့ပါတယ်။

အဲဒီလို လုပ်ဆောင်မှုတွေကို ကန့်ကွက်ကြောင်းနဲ့ အခြားကျောင်းသားတွေနဲ့ အတူသာ စာမေးပွဲစစ်ပေးဖို့ ကမန်တိုင်းရင်းသားလူမှုကွန်ရက်က ကြေညာချက်ထုတ်ပြန်ခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ပညာရေး ဝန်ကြီးတို့ထံ စာပေးပို့ တောင်းဆိုခဲ့ပါတယ်။

RFA Burmese
https://www.rfa.org/burmese
ကမန် ကျောင်းသား၊ ကျောင်းသူတွေကို ခွဲခြားဆက်ဆံမှုမရှိအောင် အဖွဲ့တစ်ဖွဲ့ စေလွှတ်စောင့်ကြည့် ကမန် ကျောင်းသား၊ ကျောင်းသူတွေကို ခွဲခြားဆက်ဆံမှုမရှိအောင် အဖွဲ့တစ်ဖွဲ့ စေလွှတ်စောင့်ကြည့် Reviewed by THITHTOOLWIN on 19:09 Rating: 5
Powered by Blogger.