ကာဂျစ္စတန်ကို ဂိုးပြတ်ရှုံးနိမ့်ပြီး အာရှဖလားခြေစစ်ပွဲအောင်မြင်ခွင့်ဆုံးရှုံးခဲ့သည့် မြန်မာအသင်း


နေပြည်တော် ၂၂ မတ်

၂၀၁၉ အာရှဖလားပြိုင်ပွဲ တတိယအဆင့်ခြေစစ်ပွဲ ပြန်လည်ကစားခဲ့သည့် ကာဂျစ္စတန်အသင်းနှင့် မြန်မာအသင်းတို့် ယနေ့မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲက တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့၌ ယှဉ်ပြိုင်ကစားရာ မြန်မာအသင်းသည် ငါးဂိုး - တစ်ဂိုးဖြင့် ရှုံးနိမ့်ပြီး အာရှဖလားခြေစစ်ပွဲအောင်မြင်ခွင့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မြန်မာအသင်းသည် ယခုပွဲအနိုင်ရလျှင် ခြေစစ်ပွဲအောင်မြင်ရန် မျှော်လင့်နိုင်မည်ဖြစ်သော်လည်း ကာဂျစ္စတန် အသင်းက ပွဲအစလေးမိနစ်အတွင်း နှစ်ဂိုးသွင်းယူနိုင်ခဲ့သလို ဒုတိယပိုင်းတွင်လည်း မြန်မာအသင်းဘက်ကိုသာ ဖိအားပေးကစားနိုင်ခဲ့ပြီး ဦးဆောင်ဂိုးများထပ်မံခွင့်ပြုခဲ့ခြင်းကြောင့် မြန်မာအသင်းအရေးနိမ့်ခဲ့ရသည်။ ကာဂျစ္စတန်အသင်းအတွက် အနိုင်ဂိုးများကို ပွဲချိန် ၂ မိနစ်တွင် ရှာမီရှက်ဗ်၊ ပွဲချိန် ၄ မိနစ်နှင့် ၆၃ မိနစ်တို့တွင် အန်တန်၊ ၇၃ မိနစ်တွင် လူတာလီ၊ ၈၇ မိနစ်တွင် ဘီကာဇန်တို့က သွင်းယူခဲ့သည်။

မြန်မာအသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကို ဒုတိယပိုင်း ပွဲချိန် ၈၃ မိနစ်တွင် ကျော်ကိုကိုက သွင်းယူခဲ့သည်။ မြန်မာအသင်းသည် မကာအိုအသင်းနှင့် ယှဉ်ပြိုင်ရန်ကျန်ရှိသေးသော်လည်း ငါးပွဲကစား ငါးမှတ်သာရသောကြောင့် ခြေစစ်ပွဲအောင်မြင်ရေး မျှော်လင့်ချက်အဆုံးသတ်ခဲ့ရပြီဖြစ်ကြောင်း သိရသည်။

ယခုပွဲစဉ်တွင် ဂိုးပြတ်အနိုင်ရခဲ့သည့် ကာဂျစ္စတန်အသင်းသည် တစ်ပွဲကစားရန် ကျန်ရှိသေးသော်လည်း ရမှတ် ၁၀ မှတ်ဖြင့် ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် အာရှဖလားပြိုင်ပွဲတွင် ပထမဆုံးယှဉ်ပြိုင်ခွင့် ရခဲ့ခြင်း ဖြစ်သည်။

Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
ကာဂျစ္စတန်ကို ဂိုးပြတ်ရှုံးနိမ့်ပြီး အာရှဖလားခြေစစ်ပွဲအောင်မြင်ခွင့်ဆုံးရှုံးခဲ့သည့် မြန်မာအသင်း ကာဂျစ္စတန်ကို ဂိုးပြတ်ရှုံးနိမ့်ပြီး အာရှဖလားခြေစစ်ပွဲအောင်မြင်ခွင့်ဆုံးရှုံးခဲ့သည့် မြန်မာအသင်း Reviewed by THITHTOOLWIN on 18:34 Rating: 5
Powered by Blogger.