အမေရိကန် လူဝင်မှုဌာနက ပို့တဲ့စာကြောင့် မြန်မာပြည်ဖွားတချို့ စိုးရိမ်နေကြ

အမေရိကန်နိုင်ငံသားခံယူစဉ်။
အမေရိကန်လူဝင်မှုဌာန USCIS က သူတို့နဲ့လာရောက်တွေ့ဆုံဖို့ အမေရိကန်ပြည်နယ်တချို့မှာ ဒုက္ခသည်အဖြစ် ပြောင်းရွှေ့အခြေစိုက်နေတဲ့ မြန်မာပြည်ဖွားတွေဆီ စာပို့ အကြောင်းကြားတာတွေ ရှိနေတာကြောင့် စာရတဲ့လူတွေကြားမှာ စိုးရိမ်နေကြပါတယ်။

သက်ဆိုင်ရာ လူမှုအဖွဲ့အစည်းတွေကတော့ လိုအပ်သလို အကူအညီပေးနေ ကြပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အကြောင်းစုံကို ပြောပြမှာပါ။

USCIS ကနေ ကိုယ်ရေးအချက်အလက်တွေကို ပြန်စစ်ဆေးဖို့အတွက် သတ်မှတ်ထားတဲ့ နေ့ရက်မှာ သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးရုံးတွေမှာ လာရောက်တွေ့ဆုံဖို့ အကြောင်းကြားစာတွေ လက်ခံရရှိသူတွေထဲမှာ အိုင်အိုဝါပြည်နယ်က မြန်မာတိုင်းရင်းသားဒုက္ခသည် အနည်းဆုံး အယောက် ၅၀ လောက်ရှိနေပါတယ်။ ဒီလူတွေရဲ့ စိုးရိမ်မှုတွေနဲ့ အကူအညီပေးနေပုံကို အိုင်အိုဝါပြည်နယ် Karen Association ရဲ့အတွင်းရေးမှူး မောင်ဝင်းက ဗွီအိုအေကို အခုလိုပြောပါတယ်။

"စိုးရိမ်မှုရှိတာပေါ့ ဘာဖြစ်လို့လဲဆိုတော့ လ၀ကက စာလာတယ်ဆိုတော့ စိုးရိမ်မှုရှိတယ်။ ကျနော်တို့လူတွေကလည်း ဘာသာစကားမှာ အခက်အခဲရှိတယ်ဆိုတော့ ဒီလိုမျိုး စာရွက်စာတန်းတွေလာတဲ့အချိန်ကျရင် ဒါတကယ်ပဲ အစစ်အမှန်ဟုတ်သလား၊ ဒါအတုအယောင်လား ဆိုတဲ့ သံသယတွေတော့ရှိတာပေါ့ အဲဒါကြောင့် တာဝန်ရှိသူတွေနဲ့ ပဲ ကျနော်တို့က အကြံပေးတာလေ ဒီအဖွဲ့အစည်း ကျနော်တို့ တာဝန်ရှိတဲ့လူတွေ ပညာတတ်တဲ့လူတွေက community အချင်းချင်း ၀ိုင်းဝန်းကူညီတာ မျိုးရှိတယ် အကြံပေးကြတာတွေရှိတယ်။"

အိုင်အိုဝါပြည်နယ် မြို့တော် Des Moines အခြေစိုက် EMBARC ခေါ် မြန်မာတိုင်းရင်းသားတွေအတွက် အကျိုးဆောင်ပေးနေတဲ့ အဖွဲ့ရဲ့ စနေနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ USCIS ကအကြောင်းကြားစာတွေကို လက်ခံရရှိတဲ့ အိုင်အိုဝါမှာရှိတဲ့ မြန်မာဒုက္ခသည်တွေအနေနဲ့ လူဝင်မှုကြီးကြပ်ရေးရုံးတွေမှာ မိမိ ဆန္ဒအလျောက် လူတွေ့စစ်ဆေး မေးမြန်းခံယူတာတွေ အရင်မလုပ်ဖို့ တိုက်တွန်းထားပါတယ်။ စာကိုလက်ခံရရှိထားသူတွေအတွက် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကျွမ်းကျင်ရှေ့နေတွေရဲ့ အကြံပေးချက်တွေနဲ့ ပတ်သက်လို့ မောင်ဝင်းက အခုလိုပြောပါတယ်။

"ကျနော်တို့ဆီက Lawyer က သူတို့ကို စာတင်ပြထားတာရှိတယ်။ သူတို့အဲဒီလိုမျိုး စာတွေရရှိခဲ့မယ်ဆိုရင် အဲဒီစာထဲမှာ တင်ပြချက်က မြန်မာပြည်က လာတဲ့ မြန်မာပြည်သားတွေ Citizen ဖြစ်ပြီးတဲ့နောက်ပိုင်း သူတို့က စာပို့တယ်။ တချို့ Green Card ရှိတဲ့ လူတွေဆီမှာလည်း သူတို့ စာပို့တယ်။ အဲဒီစာရလို့ရှိရင် သူတို့ကနေပြီးတော့ FOIA -Freedom of Information Act (လွတ်လပ်စွာအချက်အလက်ရယူခွင့်ဆိုင်ရာ ဥပဒေ) ကို request လုပ်ရမယ်တဲ့ ပြီးလို့ရှိရင် USCIS ဆီကနေ စာရွက်ပါလာတဲ့ email လိပ်စာရှိတယ် အဲဒီ လိပ်စာကို ပြန်ပြီးတော့ အကြောင်းကြားရမယ်။ တချို့လည်း Iowa ကနေပြီးတော့ သူတို့ အင်တာဗျူးသွားရမှာက အင်ဒီယားနားကိုလည်း ရထားတာရှိတာပေါ့နော်။ အဲဒီလိုမျိုး စာရွက်ရလို့ရှိရင် သူတို့ကို email ပို့လိုက် မသွားနိုင်ဘူး။ ဒီလိပ်စာအကြောင်းအရာက ဟုတ်ပါတယ် ဒါကျနော့်နာမည် ဟုတ်ပါတယ်ဆိုပြီးတော့ အကြောင်းပြန်ပြီးတော့ အဲဒီနေရာကို ကိုယ်ကနေပြီးတော့ မသွားနိုင်ဘူးပေါ့နော် ဆိုတာ ပြောလို့ရတယ်။"

Freedom of Information Act (လွတ်လပ်စွာအချက်အလက်ရယူခွင့်ဆိုင်ရာ ဥပဒေ) အရ ရွှေ့ပြောင်းအခြေချနေထိုင်စဉ်က ပေးခဲ့တဲ့ သက်ဆိုင်ရာကိုယ်ရေးမှတ်တမ်းတွေကို USCIS ဆီကို အရင်ဆုံးတောင်းခံဖို့ ဖြစ်ပါတယ်။

USCIS ရဲ့ လူတွေ့ခေါ်ယူမေးမြန်းတာကို မိမိဆန္ဒအလျောက် မသွားကြဖို့ ရှေ့နေတွေ တိုက်တွန်းရတဲ့ အကြောင်းရင်းမှာ- USCIS အရာရှိတွေ မေးတဲ့ မေးခွန်းအားလုံးကို မဖြေဆိုခင်မှာ မုသာမပါ မှန်ကန်စွာထွက်ဆိုပါမယ်လို့ အရင် ကျမ်းသစ္စာကျိန်ဆိုစေပြီးနောက် စစ်ဆေးမေးမြန်းအပြီးမှာလည်း ထွက်ဆိုချက်အားလုံး အမှားအရွင်းလုံးဝမရှိ မှန်ကန်ကြောင်း လက်မှတ်ရေးထိုးရတဲ့အတွက် အမေရိကန်ကို မရောက်ခင် ဒုက္ခသည်အဖြစ် စလျှောက်တုန်းက ပြောခဲ့တဲ့ အချက်အလက်တွေနဲ့ အခုဖြေဆိုတဲ့ အချက်အလက်တွေ ကြားမှာ မတော်တဆ လွဲချော်မှု၊ မရည်ရွယ်ပဲ အလွဲအမှားဖြစ်ခဲ့ရင် ကာယကံရှင်ကို ဥပဒေအရ မမှန်မကန် အယောင်ဆောင်လိမ်လည်မှု၊ မှားယွင်းစွာ ထွက်ဆိုမှု စတာတွေနဲ့ အရေးယူတရားစွဲခံရနိုင်တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

USCIS ကနေ ကိုယ်ရေးအချက်အလက်တွေ ပြန်စစ်ဆေးဖို့ ခေါ်ယူတဲ့ အကြောင်းကြားစာတွေ ပေးပို့ရတဲ့ အဓိအကြောင်းအရင်းကို အတိအကျ မသိရပေမယ့် မွေးနေ့တွေ တူနေတာ၊ နာမည် အပြောင်းအလဲလုပ်တောတွေနဲ့ သက်ဆိုင်နေတယ်လို့ မောင်ဝင်းကပြောပါတယ်။ စာကိုလက်ခံရရှိသူတွေထဲမှာ အိုင်အိုဝါအပြင် တက္ကဆက် ပြည်နယ်က ထိုင်းနဲ့ မလေးရှားက လာတဲ့ မြန်မာ တိုင်းရင်းသားဒုက္ခသည်တွေ လည်းပါဝင်ကြောင်း သူကဆိုပါတယ်။

အင်ကြင်းနိုင်  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
အမေရိကန် လူဝင်မှုဌာနက ပို့တဲ့စာကြောင့် မြန်မာပြည်ဖွားတချို့ စိုးရိမ်နေကြ အမေရိကန် လူဝင်မှုဌာနက ပို့တဲ့စာကြောင့် မြန်မာပြည်ဖွားတချို့ စိုးရိမ်နေကြ Reviewed by THITHTOOLWIN on 07:22 Rating: 5
Powered by Blogger.