ရှမ်းမြောက်မှာ စစ်ရေးတင်းမာနေ

စစ်ဘေးရှောင်ဒုက္ခသည်တွေကို ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်ခွဲ တာလုံဘုန်းကြီးကျောင်းမှာ ၂၀၁၈ ခုနှစ် မတ်လ ၁၆ ရက်နေ့က တွေ့ရစဉ်။ Photo: Kan Thar/RFA
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ဟာ မတ်လဆန်းကတည်းကစပြီး RCSS/SSA ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနဲ့ စစ်ရေးတင်းမာနေသလို တပ်မတော်နဲ့လည်း တိုက်ပွဲဖြစ် ပွားနေပါတယ်။

ဒီကနေ့ မနက်ပိုင်းအထိ ကြိုကြားကြိုကြား တိုက်ပွဲတွေဆက်ဖြစ်နေဆဲပဲလို့ TNLA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောပါတယ်။

"RCSS က အဲဒီဒေသမှာ လမ်းတွေပိတ်ပြီးတော့ ဒေသခံတွေကို စစ်ဆေးမေးမြန်းဖမ်းဆီးတာတွေ ရှိနေတယ်။ ပြောရရင် အဲဒီဒေသကို ဖြတ်လေးဖြတ်ပုံစံနဲ့ RCSS က ပြုလုပ်နေတယ်။ ဒီနေ့ နမ္မတူမြို့နယ်ထဲမှာ ကျနော်တို့က နယ်မြေစိုးမိုးရေး ကွင်းဆင်းသွားနေတဲ့အချိန် မြန်မာ့တပ်မတော်က ထွက်လာတော့ လမ်းမပေါ်မှာ နားဆိုင်း ရွာနားမှာ ထိပ်တိုက်တိုးပြီး ပွဲကတော့ ၁၀ မိနစ်လောက်ပဲ ကြာတယ်။ တိုက်ပွဲကတော့ ၁၀ ရက်နေ့ကတည်းက စပြီး ဒီကနေ့အထိ မဖြစ်တဲ့နေ့ကို မရှိဘူး။ ကြိုကြားကြိုကြားကတော့ ဖြစ်နေတယ်"

ကျောက်မဲမြို့နယ်က ပလောင်တိုင်းရင်းသား အများစုနေထိုင်ကြတဲ့ တော့ဖယ်ကျေးရွာမှာ ပိတ်မိနေတဲ့ ရွာသားတွေ ကို TNLA တပ်တွေက ဘေးလွတ်ရာပြောင်းရွှေ့ပေးနိုင်ခဲ့ပြီး RCSS တပ်တွေနဲ့ ထိပ်တိုက်တွေ့နေဆဲပဲလို့ ပြောပါ တယ်။

လက်ရှိကျောက်မဲမြို့ပေါ်ကို ထွက်ပြေးလာကြတဲ့ ဒုက္ခသည် ၂၀၀၀ ကျော်လောက်ရှိနေပြီဖြစ်ပြီး တစ်ချို့ကတော့ ဘေးလွတ်ရာနေရာတွေမှာ ပုန်းခိုနေရဆဲပဲလို့ ဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောကြပါတယ်။

RCSS နဲ့ TNLA တို့အကြား နှစ်ဖက်တိုက်ပွဲတွေ ရပ်တန့်နိုင်ရေးအတွက် နှစ်ဖက်ခေါင်းဆောင်တွေ ဆွေးနွေးဖို့ အဆင်မပြေသေးဘူးလို့လည်း ဗိုလ်မှူး မိုင်းအိုက်ကျော်က ဆိုပါတယ်။

RFA Burmese
https://www.rfa.org/burmese
ရှမ်းမြောက်မှာ စစ်ရေးတင်းမာနေ ရှမ်းမြောက်မှာ စစ်ရေးတင်းမာနေ Reviewed by THITHTOOLWIN on 20:50 Rating: 5
Powered by Blogger.