ကန်ပက်လက်မြို့နယ်တွင် အဖိုးတန်ကျွန်းသစ်များထုတ်လုပ်မှု အကြီးအကျယ်ဖြစ်ပွားနေ


ခိုနူမ်းသုန်သတင်း၊ ၂၁ မတ် ၂၀၁၈

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ် မန်တောင်ကျေးရွာအုပ်စုတွင် အဖိုးတန် ကျွန်းသစ် နှင့် သစ်မာပင်များကို အကြီးအကျယ် ထုတ်လုပ်နေကြသည်ဟု ဒေသခံများ၏ ပြောဆိုချက်အရ သိရှိရသည်။

ကန်ပက်လက်မြို့မှ ၆၈ မိုင်ခန့်ရှိသော မှန်တောင်အုပ်စု ဆူပုပ်ကျဲင်ကျေးရွာအနီး ကြိုးဝိုင်းအကွက် ၁၆၊၁၇၊၁၉၊ ၂၀ တွင်တည် ရှိသော အဖိုးတန်သစ်များကို အမည်မသိလူတစ်စုမှ အထက်အမိန့်အရဟုဆိုကာ ဆင်ဝိုင်းဖြင့် အကြီးအကျယ် ထုတ်လုပ်နေသည်မှာ ၄ လခန့်ရှိနေပြီဟု မန်တောင်ကျေးရွာအုပ်စု အုပ်ချူပ်ရေးမှူး ဦးမနားကွီးကပြောသည်။

“ ကျွန်းဆိုတာက မခုတ်ရဘူးလို့ အစိုးရက တားမြစ်ထားတယ် တားမြစ်လို့ကျနော်တို့လည်း လုံးဝမခုတ်ဘူး သစ်မာတွေလည်း ကျနော်တို့ ထိန်းသိမ်းထားတယ် ကန်ပက်လက်မြို့နယ် မန်တောင်အုပ်စု ဆူပုပ်ကျဲင် အကွက် ၂၀၊ ၁၇၊ ၁၆၊ ၁၉ မှာပဲရှိတာ ကျနော်တို့ထိန်းသိမ်းထားတဲ့ဟာကို ပြီးခဲ့တဲ့နှစ် ၉ လပိုင်းလောက်ကနေ ၀င်လာပြီးတော့ လုပ်လာကြတယ်၊ လုပ်လာတဲ့အဖွဲ့တွေကို မေးတော့လည်း ခင်များတို့မဆိုင်ဘူးတဲ့သူတို့ပြောတာ အထက်က ခိုင်းလို့လုပ်တယ်လို့ပြောတယ် တိတိကျကျသူတို့မပြောချင်ဘူး ’’ဟု ပြောသည်။


ယင်းကိစ္စနှင့်ပတ်သက်ပြီး ချင်းပြည်နယ်အစိုးရ၏ ခွင့်ပြုချက်ဖြင့် ထုတ်ယူခြင်းဟုတ်မဟုတ် ဌာနဆိုင်ရာများနှင့် လွှတ်တော်ကိုယ်စားလှယ်များမှတဆင့် မေးမြန်းခဲ့သော်လည်း ရှင်းလင်းတိကျသောအဖြေမျိုးမရရှိသည့်အတွက် နိုင်ငံတော်သမ္မတအဆင့်ထိ မန်တောင်ကျေးရွာအုပ်စုမှ ဒေသခံပြည်သူများက လက်မှတ်ရေးထိုးတင်ပြခဲ့သော်လည်း ယနေ့ချိန်ထိ တစ်စုံတစ်ရာအကြောင်းကြားမရှိကြောင်း ၎င်းဆက်ပြောသည်။

“ ခု လုပ်တဲ့ပုံစံက ကျနော်တို့မှာ အစိုးရလည်းမရှိသလိုပဲ မြို့နယ်ကိုမေးတော့လည်း မြို့နယ်ကလည်းမသိဘူးလို့ပြောတယ် သစ်တောကိုမေးတော့လည်းမသိဘူးတဲ့ အထွေထွေအုပ်ချူပ်ရေးမှူးကိုမေးတော့လည်း မသိဘူးလို့ပြောတယ် ရှင်းရှင်းပြောရရင် ကျနော်တို့က အစိုးရမရှိတဲ့ပုံလိုလိုဖြစ်သွားပြီ’’ ဟု ဦးမနားကွီးကပြောသည်။


ယင်းကိစ္စနှင့်ပတ်သက်၍ ချင်းပြည်နယ်သစ်တောဝန်ကြီး ဦးမာန်ဟင်းဒါလ်က ပြည်ထောင်စုအစိုးရဘက်မှ ထုတ်လုပ်ခြင်းဖြစ်သည့်အတွက်ကြောင့် ပြည်နယ်အစိုးရမှ ပြောဆိုခွင့်မရှိကြောင်း အကယ်၍ သစ်မှောင်ခိုသမားများမှ ခိုးထုတ်သည်ဆိုပါက ပြည်နယ်အစိုးရထံတိုင်းကြားနိုင်သည်ဟု ပြောဆိုသည်။

“ ဒီကိစ္စက ရှင်းပြီးသားလေ အစိုးရကထုတ်တာလေ အစိုးရထုတ်တာမဟုတ်ဘဲနဲ့ ခိုးတယ်ဆိုရင်တော့ တိုင်လေ အစိုးရက သူ့ရဲ့သတ်မှတ်ချက်နဲ့တရားဝင်ထုတ်တဲ့ဟာဆိုရင် ကျနော်တို့က ဘာမှပြောလို့မရဘူးလေ ကျနော်တို့က ဖက်ဒရယ်မဟုတ် သေးဘူးလေ ပြည်ထောင်စုအစိုးရပေါ့ Centralization နဲ့သွားနေတာ ဖက်ဒရယ်ရဖို့ ကြိုးစားနေတုန်းအော်နေတုန်းပဲရှိသေး တယ် ချင်းပြည်နယ်အစိုးရက ထုတ်ပိုင်ခွင့်မရှိဘူး ပြည်ထောင်စုဝန်ကြီးဌာနက ထုတ်တဲ့ကိစ္စကို ကျနော်တို့က ကန့်လန့်လုပ်လို့မရဘူး” ဟု သစ်တောဝန်ကြီးကပြောသည်။

Khonumthung Burmese
https://www.facebook.com/KhonumtungBurmese
ကန်ပက်လက်မြို့နယ်တွင် အဖိုးတန်ကျွန်းသစ်များထုတ်လုပ်မှု အကြီးအကျယ်ဖြစ်ပွားနေ ကန်ပက်လက်မြို့နယ်တွင် အဖိုးတန်ကျွန်းသစ်များထုတ်လုပ်မှု အကြီးအကျယ်ဖြစ်ပွားနေ Reviewed by THITHTOOLWIN on 07:45 Rating: 5
Powered by Blogger.