တိုက်ပွဲကြောင့် ရှားပါး မြောင်ဇီးလူမျိုးတွေ ရွာလုံးကျွတ် ထွက်ပြေးရ

သိန္နီမြို့နယ် ကောင်းကော်ရွာမှာ လာရောက်ခိုလှုံနေတဲ့ စစ်ဘေးရှောင်တွေကို တွေ့ရစဉ်
သိန္နီမြို့နယ်ထဲမှာ ကိုးကန့် MNDAA တပ်တွေနဲ့ အစိုးရစစ်တပ်တို့အကြား အခုရက်ပိုင်း တိုက်ပွဲတွေဖြစ်နေပြီး ရာနဲ့ချီတဲ့ မြောင်ဇီးလူမျိုးတွေဟာ သိန္နီမြို့နယ် ကောင်းကော်ရွာဘက်ကို ထွက်ပြေးပုန်းရှောင်လာရပါတယ်။

သိန္နီမြို့နဲ့ ၁၉ မိုင်လောက် အကွာ ကွန်လုံသွားလမ်းနားက ဟိုမွန်း ကျေးရွာနားမှာ ကိုးကန့် တပ်တွေနဲ့ အစိုးရစစ်တပ်တို့အကြား ဖေဖော်ဝါရီ ၁၄ ရက်နေ့နဲ့ ၁၅ ရက်နေ့တွေက တိုက်ပွဲဖြစ်တာကြောင့် ရာနဲ့ချီတဲ့ မြောင်ဇီးတိုင်းရင်းသားတွေအပါအဝင် ဒေသခံအချို့ဟာ နေရပ်စွန့်ခွာ ထွက်ပြေးလာရတာလို့ သိန္နီမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် နန်းခင်ထားရီက ဘီဘီစီကို ပြောပါတယ်။

သိန္နီမြို့နယ် ကောင်းကော် ဘုန်းကြီးကျောင်းမှာ လာရောက်ခိုလှုံနေတဲ့ စစ်ဘေးရှောင်တွေထဲမှာ မြောင်ဇီးတွေနဲ့အတူ ရှမ်း ၊ တရုတ်နဲ့ ကချင် လူမျိုးအနည်းငယ်လည်း ပါဝင်ပါတယ်။ ကိုးကန့်တပ်ဖွဲ့တွေနဲ့ အစိုးရစစ်တပ်အကြား တိုက်ပွဲတွေ မဖြစ်တာ လအတန်ကြာနေပြီဖြစ်ပြီး ဒီရက်ပိုင်းမှ ခပ်စိပ်စိပ်ပြန်ဖြစ်လာတာလို့ နယ်စပ်အရေးလေ့လာသူတဦးကလည်း ဘီဘီစီကို ပြောပါတယ်။
စစ်ဘေးရှောင်တွေကို ရေသန့်ဘူးတွေ ဝေပေးနေစဉ်
အခုတိုက်ပွဲဖြစ်နေတဲ့ ဒေသဟာ တရုတ်မြန်မာ မဟာဗျူဟာလမ်းကြောင်းအတွက် လျာထားတဲ့ ဒေသတွေဖြစ်ပြီး ကွန်လုံတံတားပြင်ဆင်ဖို့အတွက် ၂၀၁၆ ခုနစ်အတွင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ခရီးစဉ်အတွင်းမှာ တရုတ်နဲ့ သဘောတူခဲ့ပြီးဖြစ်တယ်လို့ အဲဒီ နယ်စပ်အရေးလေ့လာသူက ပြောပါတယ်။

ဦးဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့် MNDAA ဟာ ၂၀၁၅ ခုနစ်က အစိုးရစစ်တပ်နဲ့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့တဲ့အဖွဲ့ဖြစ်ပြီး အခြားတိုင်းရင်းသားအဖွဲ့တွေနည်းတူ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးဖို့ ကန့်သတ်ခံထားရတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ရက်ပိုင်းကလည်း တအာင်းပလောင်တပ်ဖွဲ့နဲ့ အစိုးရစစ်တပ်အကြား ကွတ်ခိုင် သိန္နီအကြား ဒေသတွေမှာ တိုက်ပွဲဖြစ်ခဲ့တဲ့အတွက် သိန္နီမြို့နယ် ကောင်းအိုင်ကျေးရွာ ဘုန်းကြီးကျောင်းမှာ လာရောက်ခိုလှုံခဲ့ရပါတယ်။

BBC Burmese
http://www.bbc.com/burmese
တိုက်ပွဲကြောင့် ရှားပါး မြောင်ဇီးလူမျိုးတွေ ရွာလုံးကျွတ် ထွက်ပြေးရ တိုက်ပွဲကြောင့် ရှားပါး မြောင်ဇီးလူမျိုးတွေ ရွာလုံးကျွတ် ထွက်ပြေးရ Reviewed by THITHTOOLWIN on 20:02 Rating: 5
Powered by Blogger.