ချစ်ကြည်ရေး တံတားမှာ လုံခြုံရေး တိုးမြှင့်

မြဝတီမြို့က မြန်မာ-ထိုင်းနယ်စပ်မှာရှိတဲ့ ချစ်ကြည်ရေး တံတားမှာ လုံခြုံရေး တိုးမြှင့်ချထားတာကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့က တွေ့ရစဉ်/ Photo: Thetoo Naing's facebook
ကရင်ပြည်နယ် မြဝတီမြို့က မြန်မာ-ထိုင်းနယ်စပ်မှာရှိတဲ့ ချစ်ကြည်ရေး တံတားကို ဖောက်ခွဲမယ်ဆိုပြီး လူမှုကွန်ရက်မှာ ပျံ့နှံ့နေတာကြောင့် မနေ့ကစပြီး တံတားမှာ လုံခြုံရေး တိုးမြှင့်ချထားတယ်လို့ မြဝတီခရိုင် ရဲတပ်ဖွဲ့မှူးက ဒီနေ့ ပြောပါတယ်။

မြဝတီဟစ်တိုင် ဆိုတဲ့ ဖေ့ဘွတ်ဂရု တစ်ခုထဲမှာ ချစ်ကြည်ရေးတံတားမှာ ဗုံးခွဲမယ်ဆိုပြီး ရေးသားထားတာကြောင့် ပြည်သူတွေ အထိတ်တလန့်မဖြစ်အောင် လုံခြုံရေး တိုးမြှင့်ချထားတယ်လို့ မြဝတီခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး အောင်နိုင်ထွန်း က ပြောပါတယ်။

မြဝတီဟစ်တိုင် ဂရု ဖေ့ဘွတ်စာမျက်နှာမှာ KYAW LIN Oo ဆိုတဲ့ အကောင့်နဲ့ ချစ်ကြည်ရေးတံတားမှာ ဖောက်ခွဲရေး အဖျက်လုပ်ငန်းတွေ လုပ်ခံရမယ်လို့ သတင်းရတယ်ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။ ချစ်ကြည်ရေးတံတားနဲ့ တံတားပတ်ဝန်းကျင်၊ မြဝတီမြို့ အဝင်အထွက်တွေမှာ တားဆီးစစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ ရဲမှူးက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မြဝတီ-ကော့ကရိတ်လမ်းမှာ တပ်မတော်၊ နယ်ခြားစောင့်တပ်နဲ့ ရဲတပ်ဖွဲ့တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့က လုံခြုံရေး ကြပ်မတ်ဆောင်ရွက်ရာမှာ လူတစ်ဦးနဲ့ သေနတ်၂လက် ဖမ်းဆီးရမိခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၈ နှစ်ခန့်က  မြဝတီမြို့ အမှတ် ၁ ရပ်ကွက် ချစ်ကြည်ရေး တံတားပတ်လမ်းမှာရှိတဲ့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ရှေ့မှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူ ၃ ဦး သေဆုံးခဲ့ဖူးကြောင်း သိရပါတယ်။

RFA Burmese
https://www.rfa.org/burmese
ချစ်ကြည်ရေး တံတားမှာ လုံခြုံရေး တိုးမြှင့် ချစ်ကြည်ရေး တံတားမှာ လုံခြုံရေး တိုးမြှင့် Reviewed by THITHTOOLWIN on 17:47 Rating: 5
Powered by Blogger.