မောင်တောတောင်ပိုင်းမှာ ဒုက္ခသည်တွေနေရာချထားမယ့်အစီအစဉ် လူမှုအဖွဲ့အစည်းတွေ ကန့်ကွက်

ရခိုင်ပြည်နယ် မြို့နယ်အသီးသီးက ကိုယ်စားလှယ်တွေရဲ့ တွေ့ဆုံပွဲကို စစ်တွေမြို့ ပုသိမ်ကျောင်းတိုက်မှာ ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က တွေ့ရစဉ်။ Photo: Min Thein Aung/RFA
ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေပြန်လာမယ့် မွတ်စလင်တွေကို ရခိုင်ပြည်နယ် မောင်တောတောင်ပိုင်း ဒေသမှာ ပြန်လည်နေရာချထားမယ့် အစီအစဉ်ကို လက်ခံမှာမဟုတ်ကြောင်း ရခိုင်တစ်ပြည်နယ်လုံးက လူမှုအဖွဲ့အစည်းတွေ က စစ်တွေမြို့မှာ ဒီနေ့ဆွေးနွေးပြီး ဆုံးဖြတ်လိုက်ကြပါတယ်။

အဲဒီဒေသမှာ တိုင်းရင်းသားတွေလုံခြုံမှုရှိတဲ့ ရပ်ဝန်းတစ်ခုကို ဖန်တီးဖို့လိုအပ်တာကြောင့် အခုလို ဆုံးဖြတ်လိုက်ကြ တာဖြစ်တယ်လို့ ဆွေးနွေးပွဲတက်ရောက်နေတဲ့ စစ်တွေမြို့ အရပ်ဘက်လူမှု အဖွဲ့အစည်းများ ကိုယ်စားပြု ကော်မတီ ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးနိုင်က ပြောပါတယ်။

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ သံတွဲ စတဲ့ ရခိုင်ပြည်နယ် မြို့နယ်အားလုံးက ကိုယ်စားလှယ် ၆၀ လောက်ဟာ စစ်တွေမြို့ ပုသိမ်ကျောင်းတိုက်မှာ ဒီနေ့ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ ဆွေးနွေးဆုံးဖြတ်ချက်တွေကို အစိုးရထံ တင်ပြသွားမယ်လို့ သိရပါတယ်။

မောင်တောတောင်ပိုင်းဒေသမှာ တိုင်းရင်းသားတွေ လုံခြုံစိတ်ချစွာ လုပ်ကိုင်စားသောက်နိုင်ရေးနဲ့ အခြေချနေထိုင်တဲ့ သူတွေ ပိုမိုများပြားလာဖို့ကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့ညက မြောက်ဦးမြို့မှာ ဆန္ဒပြသူတွေကိုရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နင်းခဲ့တဲ့ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး မြို့နယ်အသီးသီးက ကိုယ်စားလှယ်တွေရဲ့ သဘောထားတွေကို ဆွေးနွေးခဲ့ကြပါတယ်။

ဒီနေ့ ဆွေးနွေးပွဲရလာဒ်တွေကို စစ်တွေမြို့ ဘုရားကြီးသိမ်မှာ မနက်ဖြန် လူထုရှင်းလင်းပွဲတစ်ခုပြုလုပ်ပြီး ချပြသွားမယ်လို့လည်း ဦးစိုးနိုင်က ပြောပါတယ်။

မောင်တောနဲ့ မြောက်ဦးအရေးကိစ္စနဲ့ပတ်သက်ပြီး ဒီနေ့ ဆွေးနွေးပွဲကို စစ်တွေမြို့ ခိုင်သဇင်ခန်းမမှာပြုလုပ်ဖို့ ဆွေးနွေးပွဲကျင်းပရေးကော်မတီက အစိုးရထံကနေ ခွင့်တောင်းခဲ့ပေမယ့် ခွင့်မပြုခဲ့တာကြောင့် စစ်တွေမြို့ ပုသိမ်ကျောင်းတိုက်မှာ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org/burmese
မောင်တောတောင်ပိုင်းမှာ ဒုက္ခသည်တွေနေရာချထားမယ့်အစီအစဉ် လူမှုအဖွဲ့အစည်းတွေ ကန့်ကွက် မောင်တောတောင်ပိုင်းမှာ ဒုက္ခသည်တွေနေရာချထားမယ့်အစီအစဉ် လူမှုအဖွဲ့အစည်းတွေ ကန့်ကွက် Reviewed by THITHTOOLWIN on 21:12 Rating: 5
Powered by Blogger.