ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲ ပြန်လည်မကျင်းပဖို့ ဒေသခံတွေ ဆန္ဒပြ

မြင်းခြံမြို့နယ် ထနောင်းတိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲ ပြန်လည်မကျင်းပဖို့ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ဒေသခံတွေ ဆန္ဒပြစဉ်
မြင်းခြံမြို့နယ် ထနောင်းတိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲကို ဒုတိယအကြိမ် ကျင်းပမှာကို ကန့်ကွက်ကြောင်း နဲ့ မူလရွေးချယ်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကို အတည်ပြု ခန့်အပ်ပေးဖို့ ဒီနေ့ ဒေသခံ ၂၀၀ လောက်က ဆန္ဒပြ တောင်းဆိုကြပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၇ရက်နေ့က ထနောင်းတိုင်ကျေးရွာမှာ ကျင်းပခဲ့တဲ့ အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ဦးနေမင်းကျော်နဲ့ ဦးနေစိုးတို့ နှစ်ဦးထဲမှာ ဦးနေမင်းကျော်က အနိုင်ရရှိခဲ့တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။ အနိုင်ရရှိခဲ့သူကို အတည်ပြုခန့်အပ်မပေးဘဲ အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ ကြီးကြပ်ရေးမှူးတစ်ဦးကို အဖွဲ့ဝင်အဖြစ်ကနေ ထုတ်ပယ်ကာ ရွေးချယ်ပွဲ ပြန်လည်ကျင်းပဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ လွှတ်တော်ကိုယ်စား လှယ်တွေက ဆုံးဖြတ်ခဲ့တာကို မကျေနပ်ကြောင်း အုပ်ချုပ်ရေးမှူးအဖြစ် အနိုင်ရရှိခဲ့တဲ့ ဦးနေမင်းကျော်က ပြောပါတယ်။

"ရွေးကောက်ပွဲတစ်ခုဟာ မဲလိမ်၊ မဲခိုး၊ မဲမသမာမှုရှိတယ်၊ နောက်ပြီးကျတော့ ဒီရွေးကောက်ပွဲဟာ ပွင့်လင်းမြင် သာမှု မရှိဘူး၊ ပွင့်လင်းမြင်သာမှု မရှိဘဲနဲ့ မဲပေးတဲ့ကာယကံရှင်ကိုယ်တိုင်က လွတ်လပ်မှုမရှိဘူးဆိုလို့ရှိရင်တော့ ရွေးကောက်ပွဲကို ကန့်ကွက်တယ်ဆိုတာက ကျနော်တို့အနေနဲ့ လက်ခံလို့ရသေးတယ်၊ ဒီရွေးချယ်ပွဲပြီးမှ ရွေးကောက်ပွဲပြီးမှ ဦးခင်မောင်စည်ကိုထုတ်ပြီးတော့ ဒီရွေးကောက်ပွဲကို အသိအမှတ်မပြုဘူးလို့ပြောတာပေါ့၊ အဲဒါက ရွေးကောက်ပွဲမှာမဲပေးခဲ့တဲ့ ထနောင်းတိုင်ရွာ ပြည်သူတွေကို စော်ကားရာကျပါတယ်၊ ဒါ့ကြောင့်မို့လို့ ကျနော်တို့က ဆန္ဒပြရတာဖြစ်ပါတယ်၊ ဘာ့ကြောင့်လို့ အမတ်တွေထည့်တုန်းဆိုတော့ ဒီဆုံးဖြတ်ချက်ထဲမှာတော့ ကာ အမတ် ၄ ဦးလုံးပါပါတယ်"

ရပ်ကျေးဥပဒေနဲ့ မညီဘဲ အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ ကြီးကြပ်ရေးမှူးကို ထုတ်ပယ်ပြီး ရွေးချယ်ပွဲကို ပြန်လည်ကျင်းပဖို့ ဆုံးဖြတ်ခဲ့သူတွေကို အရေးယူဆောင်ရွက်ပေးဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ တို့ထံ တိုင်ကြားစာ ပေးပို့ထားတယ်လို့ သိရပါတယ်။

တစ်နိုင်ငံလုံးအနှံ့မှာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲတွေကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလက စတင်ကာ ကျင်းပပြုလုပ်နေတာဖြစ်ပြီး ပြဿနာအမျိုးမျိုးတွေ နေရာအနှံ့အပြားမှာ ဖြစ်ပေါ်နေတာဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org/burmese/news
ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲ ပြန်လည်မကျင်းပဖို့ ဒေသခံတွေ ဆန္ဒပြ ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲ ပြန်လည်မကျင်းပဖို့ ဒေသခံတွေ ဆန္ဒပြ Reviewed by THITHTOOLWIN on 20:54 Rating: 5
Powered by Blogger.