ဘူသီးတောင်နယ်မှ ဘင်္ဂါလီကျေးရွာသားများ ဘင်္ဂလာဒေ့ရှ်ကို ဆက်လက်ထွက်ခွာနေ

(တစ်ဖက်နိုင်ငံသို့ ထွက်ခွာနေသူများကိုတွေ့ရစဉ်/ ဓာတ်ပုံ- မူရင်းပိုင်ရှင်)
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၆

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် တောင်ပိုင်းကျေးရွာများမှ ဘင်္ဂါလီကျေးရွာသားများသည် နေ့စဉ် ရက်ဆက်ဆိုသလို အိုးအိမ်များကို စွန့်ခွာပြီး ဘင်္ဂလာဒေ့ရှ်သို့ ထွက်ခွာနေကြကာ အများစုထွက်ခွာသွားသူများမှာ အလုပ်လက်မဲ့များဖြစ်ကြောင်း သတင်းရရှိသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့ ကလည်း ဘူးသီးတောင်မြို့နယ်မှ ထွက်ခွာလာပြီး မောင်တောမြို့နယ် ဂေါ်ဒူသာရ ချောင်းဝပင်လယ်ကမ်းခြေတွင်ရောက်ရှိနေခဲ့သော နေရပ်စွန့်ခွာလာသူ ဘင်္ဂါလီ ၃၀၈ ဦး(ကျား ၁၉၄၊ မ ၁၁၄) အနက်မှ ၂၁၅ ဦး (ကျား ၁၅၄၊ မ ၆၁)သည် လှေငယ် ၄ စီးဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ခွာ သွားခဲ့သည်ဟု သိရသည်။

ဘူးသီးတောင်မြို့နယ် တောင်ပိုင်းတွင် တည်ရှိသည့် သေကံခွဆုံ ဘင်္ဂလီကျေးရွာမှ အရပ်လူကြီး တစ်ဦးဖြစ်သူ ဦးအေဘာမှ ထိုသို့ ထွက်ခွာသွားနေကြသည်မှာ မှန်ကန်ကြောင်း၊ သေကံခွဆုံ အုပ်စုတွင် ဘင်္ဂလီကျေးရွာ ၄ ရွာတည်ရှိပြီး တစ်နေ့လျှင် မိသားစု လေးငါးစုစီ ထွက်ခွာ နေကြသည်ဟု ပြောဆိုသည်။

“ ကျွန်တော်တို့ သေကံခွဆုံ အုပ်စုမှာ ၀က်မကျ၊ ခေါင်းကြီး၊ သေကံခွဆုံ အပါအ၀င် မူဆလင်ရွာ ၄ ရွာရှိပါတယ်။ အခုဆိုရင် မိသားစု ၃၀ ကျော်၊ လူဦးရေ ၁၀၀ ကျော် ထွက်ပြေးသွားပါပြီ။ အဓိက စားဝတ်နေရေး အခက်အခဲ ဖြစ်လို့ ဘင်္ဂလာဒေ့ရှ်ကို ထွက်ပြေးသွားတာပါ။ သစ်ခုတ်လို့ မရ၊ ၀ါးခုတ်လို့ မရဘူး။ ရွာမှာလည်း အလုပ်မရှိတဲ့ အတွက် ထွက်ပြေးသွားကြတာပါ” ဟု ဦးအေဘာမှ ပြောကြားသည်။

၎င်းပြင် လွန်ခဲ့သည့် စနေနေ့ (ဖေဖော်ဝါရီ ၃ ရက်နေ့) ကလည်း မိသားစု ၅ စု ထပ်မံ ထွက်ပြေးသွားသည်ဟု ဦးအေဘာမှ ပြောဆိုသည်။

လက်ရှိ ကျေးရွာများကို စွန့်ခွာပြီး ထွက်ပြေးနေကြသည့် ဘင်္ဂလီ မူဆလင် ကျေးရွာသားများမှ ဘူးသီးတောင်မြို့နယ် သေကံခွဆုံ၊ ဆင်ခုံးတိုင်၊ အတွင်းငှက်သေ၊ ကျောက်ရံ၊ ဘုရားပြင်သိန်းတန်၊ ဖုံညိုလိပ်၊ သပိတ်တောင်၊ စေတီတောင်၊ ဖရုံချောင်း၊ အုတ်ဖို၊ ကွန်ဒိုင်၊ သိမ်တောင်ပြင်၊ စိမ်းညှင်းပြားနှင့် ရသေ့တောင်မြို့နယ် မြောက်ပိုင်း အာကာတောင် ကျေးရွာများက ဖြစ်ကြောင်း သိရသည်။

သူတို့သည် စိမ်းညှင်းပြင် တောင်ကျော်လမ်းမှ မေယူတောင်ကို ဖြတ်ကျော်ကာ မောင်တော တောင်ပိုင်း ဂေါ်ဒူသာရ ပင်လယ်ကမ်းခြေမှ တစ်ဆင့် လှေများဖြင့် တစ်ဘက်နိုင်ငံ ဘင်္ဂလာဒေ့ရှ်သို့ ထွက်ခွာနေကြခြင်း ဖြစ်ကြောင်း သိရသည်။

“ သူတို့အခု စုနေတာက ဂေါ်ဒူသာရချောင်းဝ ဘက်မှာပါ။ အဲဒီနေရာက သရေကုန်ဘောင်နဲ့ နီးပါတယ်။ ကျွန်တော်မောင်တောကနေ ရွာကိုလာတဲ့ ဟိုတစ်နေ့ကလည်း ကိုင်းကြီးနဲ့ ရွှေဗဟိုရွာကြားမှာ မေယူတောင်ကနေ ဆင်းလာတဲ့ ဘင်္ဂလီ လူအုပ်စုကြီးတစ်ခုကိုတွေ့ခဲ့ရတယ်။ တစ်ထောင်လောက်ရှိမယ်ထင်ပါတယ်။ သူတို့က ဂေါ်ဒူသာရ ချောင်းဝမှာစုပြီး ဟိုဘက်က လှေတွေလာခေါ်တဲ့ အခါ လိုက်သွားကြတာပါ” ဟု အလယ်သံကျော် အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

အစိုးရ၏ သတင်းထုတ်ပြန်ချက်အရ ဇန်န၀ါရီ ၅ ရက်နေ့က ဘင်္ဂါလီ လူမျိုး ၃၀၊ ဇန်န၀ါရီ ၆ ရက်နေ့က ဘင်္ဂါလီလူမျိုး ၂၇၃ ဦး၊ ဇန်န၀ါရီ ၇ရက်နေ့က ဘင်္ဂါလီလူမျိုး ၁၇၈ ဦး၊ ဇန်န၀ါရီ ၁၂ ရက်နေ့က ဘင်္ဂါလီ ၂၆ ဦး၊ ဇန်န၀ါရီ ၁၆ ရက်နေ့က ဘင်္ဂါလီ ၂၅ ဦး၊ ဇန်န၀ါရီ ၁၇ ရက်နေ့က ဘင်္ဂါလီ ၁၅၀ ဦး၊ ဇန်န၀ါရီ ၁၈ ရက်နေ့က ၂၀၂ ဦး၊ ဇန်န၀ါရီ ၁၉ ရက်နေ့က ၆၆ ဦး၊ ဇန်န၀ါရီ ၃၀ ရက်နေ့က ၅၀၊ ဇန်န၀ါရီ ၃၁ ရက်နေ့က ၂၇၅ ဦး စုစုပေါင်း ၁၂၇၅ ဦးသည် စက်လှေများဖြင့် ဘင်္ဂလာဒေ့ရှ်သို့ ထွက်ခွာသွားခဲ့ကြသည်ဟု သိရသည်။

မြန်မာအစိုးရမှ ဘင်္ဂလာဒေ့ရှ်သို့ ရောက်ရှိသွားသူများကို လွန်ခဲ့သည့် ဇန်န၀ါရီ ၂၃ ရက်နေ့မှ စတင်လက်ခံရန် ကြေငြာထားသော်လည်း တစ်စုံတစ်ဦးမှ ပြန်ဝင်လာခြင်း မရှိစဉ် ထိုသို့ ဘင်္ဂါလီလူမျိုးများ ဘင်္ဂလာဒေ့ရှ်သို့ ထပ်မံ ထွက်ခွာနေကြခြင်း ဖြစ်သည်။

Narinjara
https://www.facebook.com/Narinjara
ဘူသီးတောင်နယ်မှ ဘင်္ဂါလီကျေးရွာသားများ ဘင်္ဂလာဒေ့ရှ်ကို ဆက်လက်ထွက်ခွာနေ ဘူသီးတောင်နယ်မှ ဘင်္ဂါလီကျေးရွာသားများ ဘင်္ဂလာဒေ့ရှ်ကို ဆက်လက်ထွက်ခွာနေ Reviewed by THITHTOOLWIN on 12:14 Rating: 5
Powered by Blogger.