မြောက်ဦးဖြစ်စဉ်ကြောင့် ဒဏ်ရာရဆေးရုံတက်နေသည့်လူနာများအား လက်ထိပ်ခတ်ပြီး ဖမ်းဆီး

(ဓာတ်ပုံ- ဆေးရုံတွင် ကျန်နေခဲ့သည့် လူနာစောင့်မိသားစုဝင်များ)
စစ်တွေ၊ ဇန်နဝါရီ ၂၃

မြောက်ဦးဆူပူအကြမ်းဖက်မှုကြောင့် ဒဏ်ရာရ၍ ဆေးရုံတက်နေသည့် လူနာများကို ဇန်နဝါရီလ ၂၃ ရက်နေ့၊ နံနက်ပိုင်း၌ ရဲက လက်ထိပ်ခတ် ဖမ်းဆီးကာ ဆေးရုံအချုပ်ထဲတွင် ထိန်းသိမ်းထားလိုက်ကြောင်း လူနာမိသားစုဝင်များထံမှ သိရသည်။

အဆိုပါလူနာများအား ဇန်နဝါရီလ ၂၃ ရက်နေ့၊ နံနက် ၈ နာရီခွဲခန့်တွင် ရဲတပ်ဖွဲ့ကလာရောက်ပြီး ယခုကဲ့သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု စစ်တွေဆေးရုံတွင်ဆေးကုသခံယူနေသည့် ကိုဦးသန်းဇော် (၁၉ နှစ်)၏ဖခင် ဦးအေးမောင်သိန်းက ပြောသည်။

"ဘာမှမပြောဘူး။ ဘာအမှုနဲ့ဖမ်းတယ်၊ ဘာပုဒ်မနဲ့ဖမ်းတယ်၊ ဘာကြောင့် ဖမ်းတယ်ဆိုတာ တစ်ခုမှ မပြောဘူး။ ဒီအတိုင်းဝင်ပြီးတော့ လက်ထိပ်ခတ်ပြီးတော့ လမ်းလျှောက်လို့ ရတဲ့သူတွေကို လမ်းလျှောက်လို့ခေါ်ပြီး ဆေးရုံအချုပ်ထဲ ထည့်လိုက်တယ် "ဟု ဦးအေးမောင်သိန်းက နိရဉ္စရာသတင်းဌာနကိုပြောသည်။

မြောက်ဦးဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရသွားကြသည့် အရပ်သား ၁၂ ဦးအနက် ၄ ဦးမှာ မြောက်ဦးဆေးရုံတွင်ဆေးကုသခံယူနေကြပြီး ကျန် ၈ ဦးမှာ စစ်တွေဆေးရုံတွင် ဆေးကုသခံယူနေကြခြင်းဖြစ်သည်။

"သူတို့တွေ ရောဂါတောင်မကောင်းသေးဘူး။ အခုလို လုပ်တာက တရားမျှတမှုမရှိဘူးလို့ မြင်ပါတယ်။ ဒါကြောင့် သူတို့ကို ပြန်လွှတ်ပြီး ကျနော်တို့ပြုစုကုသချင်ပါသေးတယ်။"ဟုလည်း ဦးအေးမောင်သိန်းက ဆိုသည်။

ယခုကဲ့သို့ဖမ်းဆီးလိုက်ခြင်းနှင့်ပတ်သက်ပြီး မေးမြန်းစုံစမ်းရန် စစ်တွေဆေးရုံရှိအချုပ်ခန်းသို့ သတင်းဌာနများ ဝင်ရောက်ခွင့်ကိုတားမြစ်ထားသလို ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးကိုလည်း ဆက်သွယ်မရခဲ့ပါ။

အတည်မပြုနိုင်သေးသည့်သတင်းများအရ မြောက်ဦးဆေးရုံတွင်တက်ရောက်ကုသနေသည့် လူနာ ၄ ဦးအနက် ၃ ဦးမှာ တိမ်းရှောင်သွားကြောင်းလည်း သိရသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏အတွင်းရေးမှူး ဦးတင်မောင်ဆွေကလည်း မြောက်ဦးဖြစ်စဉ်နှင့် ပတ်သက်ပြီး ဦးဆောင်သူ၊ ပူးပေါင်းပါဝင်သူများကို ဆက်လက်ဖော်ထုတ် ဖမ်းဆီး အရေးယူသွားမည်ဟု ဇန်နဝါရီလ ၂၂ ရက်နေ့က ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် စစ်တွေအခြေစိုက် လူမှုအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ မီဒီယာများနှင့်တွေ့ဆုံပွဲတွင် ပြောဆိုထားသည်။

မာန်ယုကျော် (ရွှေဝမြေ)
Narinjara
https://www.facebook.com/Narinjara
မြောက်ဦးဖြစ်စဉ်ကြောင့် ဒဏ်ရာရဆေးရုံတက်နေသည့်လူနာများအား လက်ထိပ်ခတ်ပြီး ဖမ်းဆီး မြောက်ဦးဖြစ်စဉ်ကြောင့် ဒဏ်ရာရဆေးရုံတက်နေသည့်လူနာများအား လက်ထိပ်ခတ်ပြီး ဖမ်းဆီး Reviewed by THITHTOOLWIN on 17:02 Rating: 5
Powered by Blogger.