ပြန်လည်လက်ခံရေးကာလကို ၂နှစ်ခန့် အချိန်ယူ လက်ခံမည်

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း တောင်ပြိုလက်ဝဲမြို့က လက်ခံရေးစခန်းကို တွေ့ရစဉ်
ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ပြန်လာမယ့် ဒုက္ခသည်တွေကို နှစ်နှစ်ခန့် အချိန်ယူ လက်ခံဆောင်ရွက်ဖို့ သတ်မှတ် ထားပြီး ပြန်လည်လက်ခံသွားမယ့် လူဦးရေအရေအတွက်ကို အတိအကျသတ်မှတ်ထားတာ မရှိဘူးလို့ လူမှု ဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ဒီနေ့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ပြန်လာမယ့်ဒုက္ခသည်တွေကို မြန်မာအစိုးရဘက်ကလက်ခံဖို့ အဆင်သင့်ဖြစ်နေကြောင်း နေပြည်တော်က လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှာ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ဦးဆောင်ရှင်းလင်းတာဖြစ်ပါတယ်။

မြန်မာနိုင်ငံကို ပြန်လာမယ့် ဒုက္ခသည်တွေအနေနဲ့ မိမိတို့သဘောဆန္ဒအလျောက် ပြန်လာတာဖြစ်ကြောင်း ဝန်ခံချက်အပါအဝင် မြန်မာနိုင်ငံ အမှန်တကယ်နေထိုင်ခဲ့ဖူးကြောင်း အထောက်အထား၊ နေရပ်လိပ်စာ၊ မွေး သက္ကရာဇ်၊ မိသားစုဝင်စာရင်း အစရှိတာတွေကို ပြသနိုင်ရမှာ ဖြစ်ပါတယ်။

မြန်မာအစိုးရဘက်က သတ်မှတ်ထားတဲ့အချက်တွေနဲ့ ကိုက်ညီတဲ့သူတွေကို အရေအတွက် သတ်မှတ်ထားချက် မရှိဘဲ လက်ခံသွားမှာဖြစ်တယ်လို့ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောခဲ့တာဖြစ်ပါတယ်။

နှစ်နိုင်ငံသဘောတူညီချက်အရ ဒီနေ့မှာ ဒုက္ခသည်တွေကို စတင်လက်ခံရမှာ ဖြစ်ပေမယ့် ဘင်္ဂလားဒေ့ရှ် အစိုးရဘက်က လုပ်ဆောင်ရမယ့်လုပ်ငန်းစဉ် အဆင့်ဆင့်အတွက် ပြင်ဆင်ချိန်လိုအပ်နေတဲ့ အခက်အခဲ ရှိနေတယ်လို့ အစိုးရတာဝန်ရှိသူတွေက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က ဒုက္ခသည်ပြန်လည်လက်ခံရေးအတွက် မြန်မာအစိုးရကို ညှိနှိုင်းလာရင် ညှိနှိုင်း ချက်ပေါ်မှာ သဘောတူညီချက်ရယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ပြန်လာမယ့်သူတွေရဲ့ လုံခြုံရေးအတွက် မြန်မာအစိုးရဘက်က နယ်ခြားစောင့်ရဲတပ်ဖွဲ့တွေချထားပြီး စခန်း လုံခြုံရေး၊ နယ်မြေလုံခြုံရေး၊ အတွင်းစည်း၊ အပြင်စည်းတွေနဲ့ စနစ်တကျဆောင်ရွက်နေတယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် က ပြောပါတယ်။

အများပြည်သူသိရှိအောင် အစိုးရသတင်းစာတွေကနေ ထုတ်ပြန်ကြေညာထားတဲ့ ASRA အကြမ်းဖက်အဖွဲ့ဝင်တွေရဲ့ အမည်စာရင်းနဲ့ ရုပ်ပုံတွေကို မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ်အစိုးရထံ ပေးပို့ထားပြီး အကြမ်းဖက် အဖွဲ့ဝင်တွေကို ဘင်္ဂလားဒေ့ရှ်ဘက်က လက်ရှိအချိန်မှာ လွှဲပြောင်းပေးပို့တာမျိုး မရှိသေးကြောင်းပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese

ပြန်လည်လက်ခံရေးကာလကို ၂နှစ်ခန့် အချိန်ယူ လက်ခံမည် ပြန်လည်လက်ခံရေးကာလကို ၂နှစ်ခန့် အချိန်ယူ လက်ခံမည် Reviewed by THITHTOOLWIN on 18:39 Rating: 5
Powered by Blogger.