ကျိုင်းတုံ နောင်ဖာဂိတ်တွင် စစ်ဆေးမခံဘဲ ထွက်ပြေးယာဉ်အား လိုက်ဖမ်းရာမှ လက်နက်သယ်လာသည့်ယာဉ်အား ဖမ်းဆီးရမိ


ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် နောင်ဖာရဲကင်းတွင် ဇန်နဝါရီလ (၂၂)ရက်နေ့က စစ်ဆေးမခံဘဲ ထွက်ပြေးယာဉ်အား လိုက်လံဖမ်းဆီးရာမှ မိုင်းလားမြို့နယ် တာပုံကျေးရွာအုပ်စု၊ (၂၄)မိုင်ရွာအနီးတွင် လက်နက်သယ်ဆောင်လာသည့် ယာဉ်အား ဖမ်းဆီးရမိပြီး ယာဉ်မောင်းထွက်ပြေးနေကြောင်း သိရသည်။

ကျိုင်းတုံ-မိုင်းခတ်သွားလမ်းပေါ်ရှိ နောင်ဖာရဲကင်းရှေ့တွင် ဇန်နဝါရီလ (၂၂)ရက်နေ့က ရဲတပ်ဖွဲ့ကစစ်ဆေးရန် တားမြစ်စဉ် ရပ်တန့်ခြင်းမရှိဘဲ လူနှစ်ဦးအား တိုက်မိထွက်ပြေးသွားသည့် MARK X အမျိုးအစား အနက်ရောင်မော်တော်ယာဉ်အား ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးစဉ် မိုင်းခတ်မြို့ဘက်သို့ ဦးတည်မောင်းနှင်လာသည့် ALPHARD အဖြူရောင် မော်တော်ယာဉ်တစ်စီးမှ ယာဉ်မောင်းက ရဲတပ်ဖွဲ့၏ မော်တော်ယာဉ်အားတွေ့ရှိစဉ် မော်တော်ယာဉ်အား လမ်းဘေးသို့ထိုးရပ်၍ လျှိုအတွင်း ဆင်းပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က မော်တော်ယာဉ်အား စစ်ဆေးရာ CZECH REPUBLIC နိုင်ငံထုတ် LA-22 အမျိုးအစား သေနတ်အရှည် တစ်လက်နှင့် ၄င်းသေနတ်ကျည် (၅၀)တောင့်ပါ (၂၄)ဗူး စုစုပေါင်း ကျည်(၁၂၀၀၀)တောင့်နှင့် ၉မမကျည်(၅၀)တောင့်တို့ကို စစ်ဆေးတွေ့ရှိခဲ့ရခြင်းကြောင်း သိရသည်။

လက်နက်ခဲယမ်းများ သယ်ဆောင်လာသူအား ဖမ်းဆီးရမိရေး ဆောင်ရွက်နေဆဲဖြစ်ပြီး ကျိုင်းတုံမြို့မရဲစခန်းတွင် (ပ)၁၈/၂၀၁၈၊ ၁၉၂၄ခုနှစ်၊ ရှမ်းပြည်နယ်လက်နက်အမိန့် ၁၂(က)/(ဂ) အရ အမှုဖွင့်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

သတင်း - ဇွဲမြတ်
ဓါတ်ပုံ - ရဲတပ်ဖွဲ့
Tachileik News Agency
http://www.tachileik.net
ကျိုင်းတုံ နောင်ဖာဂိတ်တွင် စစ်ဆေးမခံဘဲ ထွက်ပြေးယာဉ်အား လိုက်ဖမ်းရာမှ လက်နက်သယ်လာသည့်ယာဉ်အား ဖမ်းဆီးရမိ ကျိုင်းတုံ နောင်ဖာဂိတ်တွင် စစ်ဆေးမခံဘဲ ထွက်ပြေးယာဉ်အား လိုက်ဖမ်းရာမှ လက်နက်သယ်လာသည့်ယာဉ်အား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 08:31 Rating: 5
Powered by Blogger.