၂၁ ပင်လုံညီလာခံကို ထောက်ခံကြိုဆိုပွဲကျင်းပမည်

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစု ပင်လုံ ထောက်ခံကြိုဆိုပွဲရဲ့ သတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီလ ၂၁ ရက်နေ့က ရန်ကုန်မြို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရုံးမှာ ကျင်းပစဉ်/ Photo: Thant Zin Oo/ RFA
၂၁ ရာစုပင်လုံညီလာခံကို ၈၈ မျိုးဆက်တွေနဲ့ အနုပညာရှင်တွေက လာမယ့် ဇန်နဝါရီလ ၂၇ ရက်နေ့မှာ ထောက်ခံကြိုဆိုပွဲ ကျင်းပမယ်လို့ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ဦးဆောင်သူတွေက ပြောပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစု ပင်လုံ ကြိုဆိုထောက်ခံပွဲ ပြုလုပ်ဖို့အတွက် ဒီနေ့ ရန်ကုန်မြို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရုံးမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ကိုမင်းကိုနိုင်က တိုင်းပြည် ငြိမ်းချမ်းရေးရရှိဖို့ လှုပ်ရှားမှုတွေမှာ သတင်းမီဒီယာသမားတွေ ပါဝင်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

၈၈ မျိုးဆက်ကျောင်းသားတွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ အနုပညာရှင်တွေ ပါဝင်မယ့်   ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစု ပင်လုံ ကြိုဆိုထောက်ခံပွဲကို လာမယ့် ဇန်နဝါရီလ ၂၇ ရက်၊ ရန်ကုန်မြို့၊ သုဝဏ္ဏဘောလုံးကွင်းထဲမှာ အခမဲ့ကျင်းပသွားမှာဖြစ်ပြီး ငြိမ်းချမ်းရေးကိုလိုချင်တဲ့ မည်သူမဆို လာရောက်ပူးပေါင်းပါဝင်နိုင်မှာဖြစ်တယ်လို့ ပွဲကျင်းပရေးဦးဆောင်သူတွေက ပြောပါတယ်။

ငြိမ်းချမ်းရေးကို ပြည်သူတွေအားလုံးက လိုချင်တယ်ဆိုတာကို ပုံဖော်ဖို့ ကျင်းပတာဖြစ်တယ်လို့ ပွဲစီစဉ်သူတစ်ဦးဖြစ်တဲ့ အဆိုတော် စောဖိုးခွား က ပြောပါတယ်။

ဇန်နဝါရီလ ၂၇ ရက်နေ့မှာ ကျင်းပမယ့် ကြိုဆိုထောက်ခံပွဲမှာ ကိုမင်းနိုင်ရဲ့ ငြိမ်းချမ်ေးရးနဲ့ဆိုင်တဲ့ ပြဇာတ်၊ သီးလေးသီးအဖွဲ့ရဲ့ ဟာသပျက်လုံးတွေနဲ့ သံချပ်၊ ပန်းရဲ့လမ်းတေးဂီတအဖွဲ့နဲ့ အဆိုတော်လင်းလင်း အပါအဝင် အဆိုတော်တွေနဲ့ အနုပညာရှင်တွေရဲ့ သီဆိုဖျော်ဖြေမှုတွေအပြင် ငြိမ်းချမ်းရေးအတွက် သရုပ်ဖော် ပြသတာတွေပါဝင်မှာဖြစ်ပါတယ်။

ရုပ်ရှင်သရုပ်ဆောင်တွေပါဝင်တဲ့ ချစ်ကြပါ ဘောလုံးအသင်းနဲ့ လက်ရွေးစင်ဟောင်း ဘောလုံးသမားတွေနဲ့ အလွှာပေါင်းစုံကသူတွေပါဝင်တဲ့ အမုန်းများရပ်ဘောလုံးအသင်းတို့ကလည်း ချစ်ကြည်ရေးဘောလုံးကစားမှာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
၂၁ ပင်လုံညီလာခံကို ထောက်ခံကြိုဆိုပွဲကျင်းပမည် ၂၁ ပင်လုံညီလာခံကို ထောက်ခံကြိုဆိုပွဲကျင်းပမည် Reviewed by THITHTOOLWIN on 19:17 Rating: 5
Powered by Blogger.