ဆန္ဒပြပွဲဦးဆောင်သူ ပုဒ်မ ၁၉ နဲ့ အမှုဖွင့်ခံရ

လယ်ယာမြေပြဿနာတွေ အမြန်ဆုံးဖြေရှင်းပေးဖို့နဲ့ အကျင့်ပျက်ဝန်ထမ်းတွေကို ထိရောက်စွာ အရေးယူပေးဖို့ ဘားအံမြို့မှာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့က ဆန္ဒပြစဉ်/ ဓာတ်​ပုံ - ဖြိုး​ဝေဆက်
ကရင်ပြည်နယ် ဘားအံမြို့မှာ ရဲတပ်ဖွဲ့ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြလို့ဆိုပြီး လယ်ယာမြေပြဿနာတွေ အမြန်ဆုံးဖြေ ရှင်းပေးဖို့ ဆန္ဒပြတောင်းဆိုပွဲ ဦးဆောင်သူကို ပုဒ်မ ၁၉ နဲ့ ဘားအံမြို့ မရဲစခန်းက ဒီနေ့ အမှုဖွင့်လိုက်ပါတယ်။

လယ်ယာမြေပြဿနာတွေ အမြန်ဆုံးဖြေရှင်းပေးဖို့ ဆန္ဒပြပွဲကို ရဲကတားဆီးပြီး ပုဒ်မ ၁၉ နဲ့ အမှုဖွင့်လိုက်တာဖြစ် တယ်လို့ တရားစွဲခံရသူ ၈၈ ကရင်မျိုးဆက် ကျောင်းသားများ လူမှုဖွံ့ဖြိုးအသင်း ဥက္ကဌ ဦးစောမောင်ကြီး က ပြောပါတယ်။

ဆန္ဒပြပွဲမှာ ပါဝင်သူ ၅၀လောက်ဟာ ပြည်သူ့အသံနားမထောင်တဲ့ ခရိုင်အုပ်ချုပ်ရေးမှူးကို အလိုမရှိကြောင်း၊ အကျင့်ပျက်ဝန်ထမ်းတွေကို ထိရောက်စွာ အရေးယူပေးဖို့၊ လယ်ယာမြေပြဿနာတွေကို ထိရောက်စွာဖြေရှင်းပေးဖို့၊ အစိုးရရဲ့မြေယာမူဝါဒ လမ်းညွှန်အတိုင်း အကောင်အထည်ဖော်ဖို့ စတဲ့ ဗွီနိုင်းတွေ၊ ကြွေးကြော်သံတွေနဲ့ ဘားအံမြို့  အာဇာနည်ကျောက်တိုင်ကွင်းကနေ ချီတက်လာရာ  ရွှေရင်မျှော်ဘုရားရှေ့အရောက်မှာ ရဲတပ်ဖွဲ့က လူစုခွဲပြီး ဦးဆောင်သူကို ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။

ဒီနေ့ဆန္ဒပြပွဲအတွက် ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၆ ရက်နေ့ကတည်းက ဆန္ဒပြဖို့ အကြောင်းကြားစာတင်ခဲ့ပေ မယ့် ကျောင်းသား ကျောင်းသူတွေ စာမေးပွဲဖြေမယ့်အချိန်ကာလနီးနေတာ၊ ပြည်ထောင်စုနေ့ နီးနေတာ၊ အရေးကြီးပုဂ္ဂိုလ်ခရီးစဉ် ရှိနေတာတွေကြောင့် ဆန္ဒပြပွဲကို ခွင့်မပြုကြောင်း ဘားအံမြို့နယ် ရဲတပ်ဖွဲ့က အကြောင်းပြန်ခဲ့ပါတယ်။

ဘားအံ၊ လှိုင်းဘွဲ့၊ ကော့ကရိတ်နဲ့ မြ၀တီမြို့နယ်တွေမှာ သိမ်းဆည်းခံရတဲ့ လယ်ယာမြေဧက ၆ထောင်ကျော် အတွက် ဒေသခံတောင်သူတွေက ၈၈ ကရင်မျိုးဆက်ကျောင်းသားများ ဖွံ့ဖြိုးရေးရုံးထံ တိုင်ကြားစာတွေ ပေးပို့ ထားပြီး ကူညီဖြေရှင်းပေးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။

၂၀၁၃ ခုနှစ်ကနေ ဒီနေ့အထိ လယ်ယာမြေပြဿနာတွေကို အစိုးရအဖွဲ့က ဖြေရှင်းဆောင်ရွက်တာတွေ အားနည်းတယ်လို့ ဦးစောမောင်ကြီး က ပြောပါတယ်။

RFA Burmese
https://www.rfa.org/burmese
ဆန္ဒပြပွဲဦးဆောင်သူ ပုဒ်မ ၁၉ နဲ့ အမှုဖွင့်ခံရ ဆန္ဒပြပွဲဦးဆောင်သူ ပုဒ်မ ၁၉ နဲ့ အမှုဖွင့်ခံရ Reviewed by THITHTOOLWIN on 18:58 Rating: 5
Powered by Blogger.