ရွှေလီမြစ်ရေကြီး ကမ်းပါးပြိုမှုကြောင့် ရွာသူတဦးရေထဲပြုတ်ကျသေဆုံး


မနက်ခင်း နမ့်ခမ်းဈေးသို့ ဟင်းရွက်ရောင်းရန်သွားသည့် အသက် ၅၈ နှစ် အရွယ်အမျိုးသမီးတဦး ရွှေလီမြစ်အတွင်း ပြုတ်ကျမျောပါသေဆုံးကြောင်းသိရသည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့မနက် ၅ နာရီအချိန် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ရွှေလီမြစ်တဖက်ကမ်းရှိ နောင်မာ့တာရွာသူ နိုင်းငင်းဆွဲ့ခမ်းစင် အသက် ၅၈ နှစ်သည် ရွှေလီမြစ်ကူးကာနမ့်ခမ်းမြို့ဈေးသို့ဟင်းရွက်ရောင်းရန် ဆိုင်ကယ်မောင်းနှင်လာရာ လှေဆိပ်အဆင်း ရွှေလီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျသည်ကိုမမြင်ရသဖြင့် မြစ်အတွင်းပြုတ်ကျကာ မျောပါသေဆုံးသွားကြောင်းသိရသည်။

သေဆုံးသူနန်းငင်းဆွဲ့ခမ်းစင်၏ သမီးတော်စပ်သူ နန်းအေထွေးက – အမေက အဲ့လမ်း နေ့တိုင်းသွားနေကျပါ။ သူကျသွားတဲ့နေ့က နှင်းတွေတအားထူနေတာရယ်၊ အဲ့ကမ်းပါးပြိုတဲ့နေရာက ညတုန်းကမြစ်ရေကြီးထားလို့ တိုက်စားထားတာကြောင့် ပြိုကျနေတာကိုအမေကမသိလိုက်တာလားမသိပါဘူး။ အမေစီးတဲ့ တရုတ်ဆိုင်ကယ်က မီးလည်းသိပ်မလင်းဘူးလေ။ ဒီနေ့အထိအမေ့အလောင်းနဲ့သူ့ဆိုင်ကယ်တော့ မတွေ့ရသေးဘူး။ သူတင်သွားတဲ့ဟင်းရွက်တွေတော့ရေနဲ့မျောပါသွားတာတော့တွေ့တယ်- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

ရွှေလီမြစ်အထက်ပိုင်းတွင် တရုတ်ဘက်ခြမ်းမှ ရေကာတာဖွင့်ချမှုကြောင့်နမ့်ခမ်းမြို့အပိုင်းတွင်ညပိုင်းရေကြီးကြောင်း ၊ တဖက်တွင်လည်း ရွှေလီမြစ်အတွင်း သဲစုပ်ထုတ်ရောင်းချမှုကြောင့် မြစ်ချောင်းအတွင်းသဲတွင်းကြီးများဖြစ်ပေါ်ရာ မြစ်အတွင်းကျသွားပါက ရေမျက်နှာပြင်ပြန်ပေါ်ရန်မလွယ်ကြောင်း နောင်မာ့တာဒေသခံ ရပ်မိရပ်ဖတဦးဖြစ်သည့် လုံးစိုင်းကလည်းပြောသည်။

နန်းငင်းဆွဲ့ခမ်းစင်သည် နောင်မာ့တာရွာသား ခင်းရွှေကျောင်းနှင့်အိမ်ထောင်ပြုကာ သားသမီး ၄ ဦးရှိပါသည်။ နောင်မာ့တာရွာမှ ဟင်းရွက်များ ရွှေလီမြစ်တဖက်ခြမ်း နမ့်ခမ်းမြို့ ဈေးသို့အပတ်တိုင်းသွားရောက်ရောင်းချခဲ့ကြောင်းသိရပါသည်။

သျှမ်းသံတော်ဆင့်
http://burmese.shannews.org/
ရွှေလီမြစ်ရေကြီး ကမ်းပါးပြိုမှုကြောင့် ရွာသူတဦးရေထဲပြုတ်ကျသေဆုံး ရွှေလီမြစ်ရေကြီး ကမ်းပါးပြိုမှုကြောင့် ရွာသူတဦးရေထဲပြုတ်ကျသေဆုံး Reviewed by THITHTOOLWIN on 22:54 Rating: 5
Powered by Blogger.