အနည်းဆုံးအခကြေးငွေနှုန်းထား ဒီလကုန် ဆွေးနွေးအတည်ပြုမည်

ရန်ကုန်မြို့ Chatrium Hotel မှာ ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့က ကျင်းပတဲ့ အနည်းဆုံးအခကြေးငွေ နှုန်းထားအသစ် သတ်မှတ်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ကို တွေ့ရစဉ်/ Photo: Aung Thein Kha/RFA
လာမယ့် ဒီဇင်ဘာလနောက်ဆုံးပတ်မှာ အနည်းဆုံးအခကြေးငွေနှုန်းထားအသစ်ကို ဆွေးနွေးအတည်ပြုသွားမယ်လို့ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး ဦးသိန်းဆွေက ဒီနေ့ ပြောပါတယ်။

ဒီနေ့ ရန်ကုန်မြို့ Chatrium Hotel မှာ ကျင်းပတဲ့ အနည်းဆုံးအခကြေးငွေ နှုန်းထားအသစ်သတ်မှတ်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောခဲ့တာဖြစ်ပါတယ်။

အဲဒီဆွေးနွေးပွဲကို ပြည်ထောင်စုအစိုးရ၊ တိုင်းနဲ့ပြည်နယ်အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အလုပ်ရှင် ကိုယ်စားလှယ်တွေ၊ အလုပ်သမား ကိုယ်စားလှယ်တွေနဲ့ အလုပ်သမားအရေး ဆောင်ရွက်သူတွေ တက်ရောက် ခဲ့ကြပါတယ်။

တိုင်းနဲ့ပြည်နယ်အသီးသီးက တက်ရောက်လာတဲ့ အစိုးရအဖွဲ့ဝင်တွေကလည်း သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်အတွင်း ဆွေးနွေးရရှိထားတဲ့ လုပ်အားခနှုန်းထားတွေကို တင်ပြခဲ့ကြပါတယ်။

တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ဆွေးနွေးရရှိထားတဲ့ အချက်အလက်တွေအရ အနည်းဆုံးလုပ်ခလစာ နှုန်းထားကို အနည်းဆုံး ကျပ် ၄ ထောင်ကနေ အများဆုံး ၆၄၀၀ ကြားသတ်မှတ်ပေးဖို့ အဆိုပြုထားကြတာဖြစ်ပါတယ်။

အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်အမှုဆောင် ဒေါက်တာခင်မောင်အေးက လုပ်ငန်းရှင်တွေဖက်က တစ်ရက်လုပ်အားခကို ငွေကျပ် ၄ ထောင်သာ ပေးနိုင်မှာဖြစ်ကြောင်းနဲ့ အဲဒီပမာဏထက် ပိုပေးရမယ်ဆိုရင် လုပ်ငန်းဆက်လက်လည်ပတ်ဖို့ စဉ်းစားရမယ့် အခြေအနေရှိတယ်လို့ ပြောခဲ့ပါတယ်။

ဒီနေ့ ဆွေးနွေးချက်တွေထဲမှာ အနည်းဆုံးအခကြေးငွေ နှုန်းထားအသစ်ကို အစိုးရနဲ့ အလုပ်ရှင်၊ အလုပ်သမားတို့ အကြား ဆွေးနွေးအတည်ပြုပြီးနောက် လွှတ်တော်ထံတင်ပြပြီး အတည်ပြုချက်ယူဖို့ မလိုအပ်ဘူးလို့ အလုပ်သမား ကိုယ်စားလှယ်တွေက ဆွေးနွေးကြပါတယ်။ လုပ်ထုံးလုပ်နည်းအရ ဆွေးနွေးရရှိလာတဲ့ နှုန်းထားတစ်ရပ်ကို လွှတ်တော်ထံတင်ပြပြီး အတည်ပြုချက် ရယူရတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
အနည်းဆုံးအခကြေးငွေနှုန်းထား ဒီလကုန် ဆွေးနွေးအတည်ပြုမည် အနည်းဆုံးအခကြေးငွေနှုန်းထား ဒီလကုန် ဆွေးနွေးအတည်ပြုမည် Reviewed by THITHTOOLWIN on 22:27 Rating: 5
Powered by Blogger.