နန်းမားဘူတာသို့ ဝင်ရောက်လာသော အစုန်ရထားနှင့် တုန်ဖုန်းမော်တော်ယာဉ်တိုက်မိ၊ သုံးဦးဒဏ်ရာရ


မိုးညှင်း ဒီဇင်ဘာ ၁၇

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားဘူတာသို့ ဝင်ရောက်လာသောအစုန် ရထားနှင့် တုန်ဖုန်းမော်တော်ယာဉ်တို့ တိုက်မိခဲ့သဖြင့် မော်တော်ယာဉ်ပေါ် လိုက်ပါလာသူ သုံးဦး ဒဏ်ရာများရရှိပြီး မော်တော်ယာဉ်မှာ ပျက်စီးခဲ့သည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၇ ရက် မွန်းလွဲ ၁၂ နာရီ မိနစ်၂ဝ ခန့်က နန်းမား ဘူတာရုံပိုင်ကြီး ဦးတင်မောင်ဌေး တာဝန်ထမ်းဆောင်နေစဉ် စက်ခေါင်း မောင်း ဦးဝင်းကို မောင်းနှင်လာသော စက်ခေါင်းအမှတ်(DF/1324) အမှတ် (၄၂)အစုန်အမြန်ရထားသည် နန်းမားဘူတာအဝင်မိုင်တိုင်(၆၄၁/၂၄)နှင့်(၆၄၁/၂၃)အကြား နန်းမားဘူတာအဝင်တွင် တရားမဝင်သံလမ်းဖြတ်ကူး လမ်းမှ ယာဉ်မောင်း ပိုင်ငြိမ်းဦး မောင်းနှင်လာပြီး နိုင်မိုးဦးနှင့်မသဲစုနွေးတို့ လိုက်ပါလာသော တုန်ဖုန်းယာဉ်သည် လမ်းဖြတ်ကူးစဉ် တိုက်မိပြီး ချိတ်ပါလာ သည်။

တုန်ဖုန်းမော်တော်ယာဉ်သည် နန်းမားဘူတာတွင် ရပ်ထားသောအမှတ် (၄၉)အဆန် နဘား-မြစ်ကြီးနား ခေါက်ပြန်ရထား၏ စက်ခေါင်းညာဘက်ခြမ်းအား ထပ်မံပွတ်တိုက်ချိတ်ဆွဲခဲ့သဖြင့် ရထားနှစ်စီးအကြား ညပ်မိပြီး အသုံးပြုမရ လောက်အောင် ပျက်စီးသွားခဲ့သည်။

မော်တော်ယာဉ်ပေါ်တွင် လိုက်ပါလာသူများမှာ ကားအတွင်းပိတ်ညပ် နေသဖြင့် မော်တော်ယာဉ်အား တစ်စစီဖြတ်တောက်ထုတ်ယူခဲ့ရပြီး ယာဉ်မောင်း ပိုင်ငြိမ်းဦးနှင့် မသဲစုနွေးတို့တွင် ဒဏ်ရာများရရှိခဲ့သဖြင့် နန်းမား တိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ပိုင်ငြိမ်းဦး(၂ဝ)နှစ်အား နန်းမားနယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

The Mirror Daily
https://www.facebook.com/TheMirrorDaily
နန်းမားဘူတာသို့ ဝင်ရောက်လာသော အစုန်ရထားနှင့် တုန်ဖုန်းမော်တော်ယာဉ်တိုက်မိ၊ သုံးဦးဒဏ်ရာရ နန်းမားဘူတာသို့ ဝင်ရောက်လာသော အစုန်ရထားနှင့် တုန်ဖုန်းမော်တော်ယာဉ်တိုက်မိ၊ သုံးဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 11:28 Rating: 5
Powered by Blogger.