ကလေးငယ် ၁၂ သန်းကျော်ကို ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး ထိုးပေးပြီးဖြစ်

ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးပေးနေတာကို တွေ့ရစဉ် / Photo: Kan Thar/RFA
ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးတွေကို ပြည်သူလူထုအခြေပြုအနေနဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ကစပြီး ရပ်ကွက်/ကျေးရွာတွေမှာ ထိုးနှံပေးနေတာ မနေ့ကအထိ ၇၉% လောက် ထိုးနှံပေးပြီးဖြစ်တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအောင်ကျော်မိုး က ဒီနေ့ ပြောပါတယ်။

လက်ရှိအချိန်ထိ ကလေးငယ် ၃ သန်းခွဲလောက်မှာ ထိုးနှံပြီးဖြစ်ကာ ဆေးထိုးပြီးနောက်ပိုင်း စစ်ကိုင်းဘက်က ကလေးတစ်ဦး သေဆုံးခဲ့ပေမယ့် ကာကွယ်ဆေးကြောင့်တော့မဟုတ်ဘူးလို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအောင်ကျော်မိုး က ပြောပါတယ်။

"မနေ့က အထိကတော့ ကျနော်တို့က ၇၉ % လောက်တော့ရပြီပေါ့၊ ဒါပေမဲ့တစ်ချို့ဝေးတဲ့ဒေသနေရာတော့ ကျနော်တို့က မရသေးဘူးပေါ့၊ ၇၉% ၃ သန်းခွဲလောက်တော့ ရှိမှာပေါ့နော်၊ ပြည်သူလူထုအခြေပြုမှာတော့ ကျနော်တို့ကတော့ ပြင်းပြင်းထန်ထန်နဲ့ သေဆုံးခဲ့တာ ဘာညာတော့မရှိဘူးပေါ့၊ လောလောဆယ်တော့ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်က ကလေးတစ်ယောက်ကတော့ ကာကွယ်ဆေးထိုးပြီးတော့ နောက်တစ်ရက် လောက်မှာ ဆုံးသွားတာပေါ့၊ ပြန်ကြည့်တဲ့အခါ ဒါကာကွယ်ဆေးနဲ့ မသက်ဆိုင်ဘဲနဲ့ အစာအိမ်နဲ့အူလမ်းကြောင်း ရောင်ပြီးတော့လေ၊ တစ်ခြားပိုးတစ်ခုဝင်ပြီးတော့ ဆုံးသွားတာတော့ရှိတယ်"

ဒီဇင်ဘာလ ၁၁ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ ရပ်ကွက်နဲ့ ကျေးရွာတွေအတွင်းမှာဆိုရင် အသက် ၉ လကနေ ၅ နှစ်ကလေးငယ်တွေအပြင် ကျောင်းမနေတဲ့ ကလေးငယ်တွေနဲ့ ကျောင်းတွေမှာ မထိုးနှံလိုက်ရတဲ့ ကလေးငယ်တွေ ကို ကာကွယ်ဆေးတွေ ထိုးနှံပေးနေတာ ဖြစ်ပါတယ်။

ကျောင်းအခြေပြုအနေနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ကလေးငယ် ၈.၆ သန်းလောက် ကို ကာကွယ်ဆေးတွေ ထိုးနှံပေးခဲ့ပြီး ဖြစ်တဲ့အတွက် အခုဆိုရင် ကလေးပေါင်း ၁၂ သန်းကျော်ကို ထိုးပေးပြီး ဖြစ်ပါတယ်။

ကျောင်းအခြေပြုထိုးပေးစဉ်ကတော့ ဆေးထိုးပြီးနောက်ပိုင်း ကလေးငယ် ၅ ဦး သေဆုံးမှုရှိခဲ့ပေမယ့် စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ရာမှာ ကာကွယ်ဆေးကြောင့် သေဆုံးခဲ့တာမဟုတ်ဘူးလို့ ဒေါက်တာ အောင်ကျော်မိုး က ပြောပါတယ်။

အဲဒီနောက်ပိုင်း ကာကွယ်ဆေးထိုးပေးတဲ့ စုရပ်နေရာတွေမှာ ဆေးလုံးဝမထိုးသင့်သူတွေရဲ့ အခြေအနေတွေနဲ့ ရက်ရွှေ့ဆိုင်းပြီး ထိုးပေးရမယ့်ကလေးတွေ အခြေအနေကို အများပြည်သူသိအောင် ဗီနိုင်းတွေနဲ့ ချိတ်ဆွဲပေးထားပါတယ်။

ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးဟာ ဆေးထိုးပြီး ၄ ပတ်အကြာမှာ ရောဂါကို စတင်ကာကွယ်နိုင်တာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese/news
ကလေးငယ် ၁၂ သန်းကျော်ကို ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး ထိုးပေးပြီးဖြစ် ကလေးငယ် ၁၂ သန်းကျော်ကို ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး ထိုးပေးပြီးဖြစ် Reviewed by THITHTOOLWIN on 21:27 Rating: 5
Powered by Blogger.