အန္တရာယ်ဇုန်အတွင်း ကျရောက်နေတဲ့ နေအိမ် ၁၂၀ လောက်ရှိ

ပုပ္ပါး​တောင်အနီးက​ ​မြေကျွံကျသွားတဲ့နေရာကို တွေ့ရစဉ်။ ဓါတ်ပုံ - ကျောက်ပန်းတောင်းလူငယ်ကွန်ရက် ဖေ့စ်ဘွတ်
ပုပ္ပါးတောင်ကလပ် မြေသားကျွံကျမှုကြောင့် အရေးပေါ်အခြေအနေဖြစ်ပေါ်လာရင် ပြောင်းရွှေ့ပေးနိုင်ဖို့အတွက် သတ်မှတ်ထားတဲ့ အန္တရာယ်ဇုန်အတွင်း ကျရောက်နေတဲ့ အိမ်ခြေစာရင်းကို လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်တဲ့ ပုပ္ပါးတောင် ထိန်းသိမ်းကာကွယ်ရေးကော်မတီက စာရင်း ကောက်ယူနေပါတယ်။

အန္တရာယ်ဇုန်အတွင်း ကျရောက်နေတဲ့ အိမ်ခြေ ၁၂၀ လောက် ရှိတယ်လို့ ကျောက်ပန်းတောင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင် က ပြောပါတယ်။

"၀န်ကြီးချုပ်ကြီး ညွှန်ကြားခဲ့သလိုပဲ အိမ်ထောင်စုစာရင်းတွေကောက်တယ်၊ Danger ဧရိယာ သတ်မှတ် တယ်၊ Danger နယ်မြေအတွင်းမှာတော့လေ ၁၂၀ လောက် ရတယ်၊ Danger နယ်မြေတွေကို အက်ကွဲကြောင်းရဲ့ တစ်ဖက်တစ်ချက်အတွင်းမှာရှိတဲ့ နယ်မြေတွေကို သတ်မှတ်ထားတာ၊ တစ်ခုခုဆိုးဝါးစွာ ဖြစ်လာမယ်၊ ဆက်လက်ပြီးတော့ ရွေ့လျားတာတွေ ဖြစ်လာမယ်ဆိုရင် နေရာရွှေ့တာပြုတာတို့ဘာတို့ လုပ်ရမှာကိုး၊ အဲဒီအတွက်ကို ကြိုတင်ပြီးတော့ လုပ်ထားတဲ့သဘောပါ"

ပုပ္ပါးတောင် ထိန်းသိမ်းကာကွယ်ရေးကော်မတီ ဖွဲ့စည်းပြီး ပုပ္ပါးတောင်ကလပ်ရဲ့ ပြောင်းလဲမှု အခြေအနေတွေကို နေ့စဉ်စောင့်ကြည့်လေ့လာနေပါတယ်။ အဲဒီလိုစောင့်ကြည့်နေရာမှာ ပြီးခဲ့တဲ့ တစ်ပတ်လောက်ကစပြီး မြေသားတွေရွေ့တာ၊ နိမ့်တာမျိုးတွေ မရှိတော့ဘဲ ရပ်တန့်နေတယ်လို့ သိရပါတယ်။

ပုပ္ပါးတောင်ရေရှည်တည်တံ့ခိုင်မြဲဖို့အတွက် တောင်ကလပ် လေးဖက်လေးတန်ကို ဧရိယာတွေသတ်မှတ်လိုက်ပြီး အဲဒီဧရိယာတွေအတွင်း နေအိမ်ဆောက်လုပ်တာ၊ မြေဖို့တာတွေ မလုပ်ကြဖို့ ပုပ္ပါးတောင် ထိန်းသိမ်းကာကွယ်ရေး ကော်မတီက ဒေသန္တရအမိန့် ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၉ ရက်နေ့က စတင်ကာ အောင်သိဒ္ဓိကုန်းမှာရှိတဲ့ ဆိုင်ခန်းနဲ့ နေအိမ် ၁၀၀ လောက်မှာ အက်ကွဲကြောင်းတွေ ဖြစ်ပေါ်လာတာဖြစ်ပြီး တောင်တက်ကားလမ်းမှာလည်း မြေအက်ကွဲ ကြောင်းတွေ ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

အက်ကွဲသွားတဲ့လမ်းနေရာတွေကို ပြန်ပြင်ဖို့ စီစဉ်ထားပေမယ့် ဘူမိသိပ္ပံပညာရှင်တွေက အခြေအနေ စောင့်ကြည့် ခိုင်းထားတာကြောင့် မပြင်နိုင်သေးတာဖြစ်တယ်လို့ ဦးအေးခိုင် က ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
အန္တရာယ်ဇုန်အတွင်း ကျရောက်နေတဲ့ နေအိမ် ၁၂၀ လောက်ရှိ အန္တရာယ်ဇုန်အတွင်း ကျရောက်နေတဲ့ နေအိမ် ၁၂၀ လောက်ရှိ Reviewed by THITHTOOLWIN on 20:49 Rating: 5
Powered by Blogger.