မြောက်ဒဂုံက ဆရာတော်ဦးပါမောက္ခ လူဝတ်လဲစေပြီး အဖမ်းခံရ

ရဲတွေက ဆရာတော်ကို သိက္ခာချ လူထွက်ဖို့ ပြောပေမယ့် ဆရာတော်က ငြင်းဆန်ခဲ့လို့ ရဲတွေက လူဝတ်လဲစေပြီး ခေါ်ဆောင်သွား
၂၀၁၆ ခုနှစ်က မြန်မာနိုင်ငံ အမေရိကန် သံရုံးရှေ့မှာ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး ဆန္ဒပြခဲ့တဲ့အတွက် နိုင်ငံတော် အကြည်အညိုပျက်စေမှုနဲ့ အမှုဖွင့်ခံထားရတဲ့ မြောက်ဒဂုံ မကွေးပရိယတ္တိကျောင်းတိုက်က ဆရာတော် ဦးပါမောက္ခကို ရဲတွေက နိုဝင်ဘာလ ၁၂ ရက်နေ့မှာ ဖမ်းဆီးခဲ့ပါတယ်။

ဒဂုံမြို့သစ်မြောက်ပိုင်းက လယ်မြေ အငြင်းပွားမှု တခုနဲ့ ပတ်သက်ပြီး ဆရာတော်က ဆန္ဒပြဖို့ မြို့နယ် ရဲစခန်းမှာ ခွင့်ပြုမိန့် သွားတင်တဲ့အချိန်မှာ အခုလို အဖမ်းခံရတာဖြစ်ပါတယ်။

အခုလို ဖမ်းနေတဲ့ အချိန်မှာ ဘီဘီစီသတင်းထောက်နဲ့ ဆရာတော်တို့ ဖုန်းဆက် ပြောကြားချက်အရ တိုင်းသာသနာရုံးကို ဆရာတော်ရဲ့ ကားနဲ့ ရဲတွေက အရင်ခေါ်သွားတာ ဖြစ်ပါတယ်။

ရဲတွေက ဆရာတော်ကို သိက္ခာချ လူထွက်ဖို့ ပြောပေမယ့် ဆရာတော်က ငြင်းဆန်ခဲ့ပြီး တိုင်းသံဃာ့ မဟာနာယက ဆရာတော်က သိက္ခာချစရာမလိုပဲ လူဝတ်လဲပြီး ခေါ်ဆောင်သွားရင်လည်း သံဃာ အဖြစ်သတ်မှတ်လို့ ရသေးလို့ ပြောတဲ့အတွက် ရဲတွေက ဦးပါမောက္ခကို လူဝတ်လဲပြီး ရဲကားပေါ် ခေါ်သွားတာ ဖြစ်တယ်လို့ ဒကာတဦးဖြစ်သူ ဦးစည်သူမြင့်က ဘီဘီစီကို ပြောပါတယ်။

ဆရာတော်ကို ဘယ်ကို ခေါ်ဆောင်သွားသလဲဆိုတာ မသိရသေးပေမယ့် အင်းစိန်ထောင်မှာ စုံစမ်းချက်အရတော့ ရောက်ရှိမလာသေးပဲ ရန်ကုန် ကမာရွတ် ရဲစခန်းမှာ ဆက်လက် စုံစမ်းမယ်လို့ သူက ပြောပါတယ်။

ကမာရွတ်ရဲစခန်းဟာ ဆရာတော်ဦးပါမောက္ခကို ပုဒ်မ ၅၀၅ (ခ)နဲ့ ကနဦး ဖမ်းဝရမ်းထုတ်ခဲ့တဲ့ စခန်းလည်း ဖြစ်ပြီး ဒီအမှုနဲ့ ပတ်သက်လို့ ၂၀၁၇ မေလ ၁၂ ရက်နေ့က ကမာရွတ်မြို့နယ် တရားရုံးက စစ်ဆေးမှုကို ဆရာတော်က လာရောက်ဖို့ ပျက်ကွက်ခဲ့တာ ဖြစ်ပါတယ်။

ဆရာတော်ဟာ လယ်သိမ်းခံ တောင်သူအရေးနဲ့ မတရားဖိနှိပ်ခံရတယ်လို့ ယူဆရသူတွေဘက်က ရပ်တည်ပြီး သူ့ရဲ့ ကျောင်းတိုက်မှာ အပတ်စဉ် ရှင်းလင်းပွဲနဲ့ စာတမ်းထုတ်ဖော်ပွဲတွေ လုပ်နေသလို ရခိုင်ပြည်နယ်က အကြမ်းဖက်မှုတွေ ရှုံ့ချပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲတွေကို ရန်ကုန် မြို့တော်ခန်းမရှေ့မှာ ပြုလုပ်ရာမှာ ဦးဆောင်သူတွေထဲက တဦးလည်း ဖြစ်ပါတယ်။

ဆရာတော်ဦးပါမောက္ခဟာ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျခံရစဉ် ကာလကတည်းက နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ ပူးပေါင်း လှုပ်ရှားခဲ့ဖူးသူလည်း ဖြစ်ပြီး ၂၀၁၂ နောက်ပိုင်းမှာ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အသင်း မဘသ အဖွဲ့ဝင် ဖြစ်လာခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ်ကမှ ပြန်လည် နုတ်ထွက်ထားတာလည်း ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
မြောက်ဒဂုံက ဆရာတော်ဦးပါမောက္ခ လူဝတ်လဲစေပြီး အဖမ်းခံရ မြောက်ဒဂုံက ဆရာတော်ဦးပါမောက္ခ လူဝတ်လဲစေပြီး အဖမ်းခံရ Reviewed by THITHTOOLWIN on 08:43 Rating: 5
Powered by Blogger.