ဓနုအမျိုးသား ညီလာခံကနေ ဓနုအမျိုးသားနေ့နဲ့ ရိုးရာဝတ်စုံသတ်မှတ်

ပင်းတယမှာ ကျင်းပခဲ့တဲ့ ဓနုအမျိုးသား ညီလာခံမြင်ကွင်း
ရှမ်းပြည်နယ်မှာနေထိုင်တဲ့ ဓနုတိုင်းရင်းသားတွေ ဦးဆောင်ပြီး ဓနုအမျိုးသား ညီလာခံတရပ်ကို ကျင်းပခဲ့ကာ အမျိုးသားနေ့ ၊ အမျိုးသား အလံနဲ့ ရိုးရာဝတ်စုံတွေကို သတ်မှတ်ခဲ့ကြပါတယ်။

ပင်းတယမြို့မှာ နိုဝင်ဘာလ ၂၆ ကနေ ၂၇ ရက်နေ့အထိ ကျင်းပတဲ့ ဓနုအမျိုးသားတွေရဲ့ ညီလာခံမှာ မြို့နယ် ၁၀ မြို့နယ်က ကိုယ်စားလှယ် ၈၀ဝ လောက်တက်ရောက်ခဲ့တာပါ။

လူမျိုးဘာသာစကား ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာ ချစ်ခင်ရင်းနှီးမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို ဆွေးနွေးတိုင်ပင်နိုင်မယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာပေးပို့ခဲ့တာပါ။

အခြားတိုင်းရင်းသားတွေတောင်မှ ကျွန်တော်တို့ထက် ဦးရေနည်းတဲ့လူတွေတောင် အမျိုးသားနေ့တို့ အမျိုးသား ညီလာခံတို့ လုပ်ကြပြီး ကျွန်တော်တို့က တကြိမ်တခါမှ ညီလာခံမလုပ်ဖူးသလို ဓနုတွေကလည်း ရှမ်းပြည်နယ်က လူဦးရေအရ ကြည့်ရင် နံပတ် ၄ နေရာမှာ ရှိတဲ့ တိုင်းရင်းသားဖြစ်နေတော့ ညီလာခံကျင်းပဖို့ စီစဉ်ဖို့ ဖြစ်လာတာပါလို့ ဓနုတိုင်းရင်းသား ရေးရာအဖွဲ့ချုပ် အတွင်းရေးမှူးအဖြစ် ရွေးချယ်ခံရတဲ့ ဦးမင်းလွင်ဦးက ဘီဘီစီကို ပြောပါတယ်။

ဓနုအမျိုးသားနေ့အဖြစ် ပထမဆုံးအကြိမ် ညီလာခံ ကျင်းပနိုင်ခဲ့တဲ့ နတ်တော်လဆန်း ၈ ရက်နေ့ကို တက်ရောက်လာသူတွေက တညီတညွတ်တည်း သတ်မှတ်ခဲ့ကြပြီး အပေါ်မှာ အပြာရောင် အောက်က အဝါရောင်နဲ့ အလယ်က စက်ဝိုင်းအဖြူမှာ ၈ မြောင့်ကြယ်ကို ထည့်သွင်းထားတဲ့ အလံကို ဓနုအမျိုးသား အလံအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

ဓနုတိုင်းရင်းသားတွေ ရေးစပ်တဲ့ သီချင်းတွေထဲက နောင်ချိုမြို့နယ်က ရေးစပ်တဲ့ သီချင်းကို အလံတင် သီချင်းအဖြစ် အတည်ပြုခဲ့ပါတယ်။ ရိုးရာဝတ်စုံအဖြစ် အမျိုးသားတွေဆိုရင် ခေါင်းပေါင်း အပန်းရောင် ကာကီတိုက်ပုံ ရှမ်းဘောင်းဘီကို အတည်ပြုခဲ့သလို အမျိုးသမီးတွေအတွက်ဆိုရင် အင်္ကျီအနီရောင်နဲ့ လုံချည်အနက်အပေါ်မှာ အစင်းလိုင်းတွေထည့်သွင်းထားတဲ့ ဝတ်စုံကို အတည်ပြုလိုက်ပါတယ်။ ဓနုတိုင်းရင်းသားတွေဟာ ရှမ်းပြည်တောင်ပိုင်း ပင်းတယ ၊ ကလော ၊ ရွာငံ ၊ ရပ်စောက် ၊ နောင်ချို ၊ တောင်ကြီးတို့မှာ အဓိက နေထိုင်တာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
ဓနုအမျိုးသား ညီလာခံကနေ ဓနုအမျိုးသားနေ့နဲ့ ရိုးရာဝတ်စုံသတ်မှတ် ဓနုအမျိုးသား ညီလာခံကနေ ဓနုအမျိုးသားနေ့နဲ့ ရိုးရာဝတ်စုံသတ်မှတ် Reviewed by THITHTOOLWIN on 16:22 Rating: 5
Powered by Blogger.